ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေလူ့အခွင့်အရေး ဆိုင်ရာ (၁၃)ကြိမ်မြောက် အာရှ-ဥရောပ အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

  • News

    ဆွေးနွေးပွဲကို ကမကထပြု၍ ကျင်းပသည့် အဖွဲ့အစည်းများဖြစ်ကြသော ပြင်သစ် နိုင်ငံခြား ရေးနှင့် ဥရောပရေးရာဝန်ကြီးဌာန၊ ဆွီဒင်နိုင်ငံမှ ရာအူးဝါလင်းဘတ် တက္ကသိုလ်၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာရှ-ဥ​ရောပအဖွဲ့အစည်းတို့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေသည် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့၌ ၂၀၁၃ ခုနှစ်အောက်တိုဘာလ ၂၁ ရက် မှ ၂၃ ရက်အထိ ကျင်းပသည့် လူ့အခွင့်အရေးဆိုင်ရာ (၁၃) ကြိမ်မြောက် အာရှ-ဥရောပ အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ အာရှ-ဥရောပအစည်းအဝေး (အာဆမ်) အဖွဲ့ဝင် ၄၈ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၁၄၀ ကျော် တက်ရောက်ကြပြီး ဆွေးနွေးပွဲ၏ ဘာသာရပ်ခေါင်းစဉ်မှာ “လူ့အခွင့်အရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး” ဖြစ်သည်။ ဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်းကို အိမ်ရှင်နိုင်ငံဖြစ်သည့် ဒိန်းမတ်နိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးမစ်အီဒါအိုကန်က ပြောကြားသည်။ လူ့အခွင့်အရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင် သူ ပါမောက္ခဂျွန်နော့နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စပ်လျဉ်းသည့် အပြည်ပြည် ဆိုင်ရာသမဂ္ဂ ဦးဆောင်ညွှန်ကြားရေးမှူး ပိုးလ် အင်းဘတ် ပက်ဒါဆွန်တို့ အပါအဝင် ပညာရှင်များ က ဘာသာရပ်နှင့် စပ်လျဉ်း၍အသီးသီး ပြောကြားတင်သွင်း ကြသည်။

 ဆွေးနွေးပွဲ၌ အာရှနှင့်ဥရောပနိုင်ငံများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူ့အခွင့် အရေးတို့နှင့်စပ်လျဉ်း၍ အဓိကကျသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အောက်ပါ ဘာသာရပ် (၄) ခု အလိုက် လုပ်ငန်းအဖွဲ့ခွဲကာ ဆွေးနွေးခဲ့ကြသည်-

(က)    စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေး ဘာသာရပ်တို့ အပြန်အလှန်ဆက်နွယ်မှု၊

(ခ)     သတင်းအချက်အလက်ရရှိရေး၊ ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးနှင့် တရားမျှတမှုရှိရေး၊

(ဂ)     လှုပ်ရှားဆောင်ရွက်သူများ၊ အဖွဲ့အစည်းများနှင့် စီမံခန့်ခွဲမှုစနစ်၊

(ဃ)    ရာသီဥတုပြောင်းလဲရေးနှင့် လူ့အခွင့်အရေး ဆက်နွယ်မှု၊

အာရှ-ဥရောပအစည်းအဝေး(အာဆမ်) အဖွဲ့ဝင်နိုင်ငံအစိုးရများအတွက် ဆွေးနွေးပွဲနှင့် စပ်လျဉ်း သည့် သတင်းပေးပို့ချက်များနှင့် အကြံပြုတိုက်တွန်း ချက်များကို ဆွေးနွေးပွဲရလဒ် အဖြစ် ဖြန့်ချိ သွားမည် ဖြစ်ပါသည်။

Recent News