ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ် (ရန်ကုန်၊ မတ်လ ၄)

  • News

၁။  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို ၄-၃-၂၀၂၄ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သူနာပြုတက္ကသိုလ် (မန္တလေး)၊ တော်ဝင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မန္တလေးသူနာပြုတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ၊ ကျောင်းသူ/သားများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်များ စုစုပေါင်း (၂၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။

၂။  ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးဟောပြောပွဲသည် ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေးနှင့် ပတ်သက်၍ ဒုတိယမြောက်ဆွေးနွေးဟောပြောပွဲဖြစ်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် နိုင်ငံတော်က ဥပဒေပြဋ္ဌာန်းကာ နိုင်ငံတော်အတွင်း လူ့အခွင့်အရေးကို မြှင့်တင်ပေးရန်နှင့် နိုင်ငံသားများ၏ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးရန်အတွက်  တစ်ခုတည်းသော အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်ကြောင်း၊ လူ့အခွင့်အရေးမြှင့်တင် ပညာပေးလုပ်ငန်းများကို မြန်မာတစ်နိုင်ငံလုံးရှိနေရာဒေသအသီးသီးမှ ပြည်သူများနှင့် နိုင်ငံတော်ယန္တရားအဆင့်ဆင့်တွင်  တာဝန်ထမ်းဆောင်နေကြသော ဝန်ကြီးဌာနအသီးသီးက အရာထမ်း၊ အမှုထမ်းများအပြင် အရာထမ်း၊ အမှုထမ်းဖြစ်လာမည့်သူများကိုပါ လူ့အခွင့်အရေး အသိပညာ တိုးပွားရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဘဝဖွံ့ဖြိုးရေးတွင် အရေးပါဆုံးဖြစ်သည့် လူသားအားလုံး၏ စားဝတ်နေရေးသည် အခြေခံအကျဆုံး လူ့အခွင့်အရေးများဖြစ်သည့်အပြင် ပညာရေး၊ ကျန်းမာရေးအခွင့်အရေးများသည်လည်း လူမှုရေးဆိုင်ရာ အခွင့်အရေးများဖြစ်ကြောင်း၊ ကျန်းမာရေးအခွင့်အရေးသည်  လူသားများ၏ အသက်ရှင်သန်ခွင့်နှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည့်အတွက် လူသားများ ကျန်းမာကြံ့ခိုင်စေရန် ဆရာဝန် /သူနာပြုများနှင့် ဆေးဝါးများ လုံလောက်မှုရှိရန်တို့သည် အရေးကြီးသည့် အခွင့်အရေးများဖြစ်သကဲ့သို့ ဆေးရုံ/ ဆေးခန်းများကို လက်လှမ်းမီစေမှသာ ကောင်းမွန်သော ကျန်းမာရေးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လူ့ဘောင်အဖွဲ့အစည်းအတွင်း အရေးကြီးသည့် ကျန်းမာရေး အခွင့်အရေးကို အဓိကတာဝန်ယူ ဆောင်ကြဉ်း‌ပေးလျက်ရှိသည့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အပါအဝင် အနာဂတ်၏ သူနာပြုအလောင်းအလျာများအနေဖြင့် လူသားတို့၏ အသက်ရှင်သန်ခွင့်အပေါ် လေးစား၍ အများပြည်သူတို့၏ ကျန်းမာရေးအခွင့်အရေးများကို သိရှိနားလည်ကာ အမိတက္ကသိုလ်ကြီးက သင်ကြားပေးလိုက်သော အတတ်ပညာများနှင့် ပေါင်းစပ်ပြီး အများပြည်သူတို့၏ ကျန်းမာရေးကို စွမ်းစွမ်းတမံ စောင့်ရှောက်ပေးနိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

၃။  ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေးဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအား ၁၂:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News