ကွင်းဆင်းစုံစစ်ဆေးခြင်း

  • News

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းကျေးရွာနှင့် ထုံးဝကျေးရွာကြား စာသင်ကျောင်းဆောက်လုပ်ရန် မြေနေရာနှင့်ပတ်သက်၍ ဂန်ချောင်းနှင့် ထုံးဝ ကျေးရွာနှစ်ရွာအကြား ရွာလူကြီးများ အငြင်းပွားနေခြင်းကြောင့် စာသင်ကျောင်းဆောက်လုပ်မှု ၃ နှစ်ခန့် နှောင့်နှေးနေခဲ့ရသည့်အပေါ် ညှိနှိုင်းမှုများပြုလုပ်နိုင်ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ဦးဆောင်သော ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၁-၁-၂၀၁၉ ရက်နေ့တွင် အငြင်းပွားနေသည့် ကျေးရွာများနှင့် ကျောင်းမြေနေရာများအား ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ တိုင်းပညာရေးဦးစီးမှူး ဦးကျော်ဝင်း၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းတို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျေးရွာနှစ်ရွာရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ခဲ့ပါသည်။ ကွင်းဆင်း စုံစမ်းစစ်ဆေးမှုနှင့် တွေ့ဆုံညှိနှိုင်းချက်များအရတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့သွားမည်ဖြစ်ပါသည်။