ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးခြင်း

  • News

ကလေးသူငယ်များသည် နိုင်ငံ၏ အနာဂါတ်များဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ၁၉၉၃ ခုနှစ် ကတည်းကပင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို အတည်ပြု ချုပ်ဆိုထားခဲ့ပြီးဖြစ်ပါသည်။ ငယ်စဉ်မှစတင်၍ ကလေးသူငယ်အခွင့်အရေးကို အပြည့်အဝ မခံစားခဲ့ရသည့် ကလေးများအနေဖြင့် လိုအပ်ချက်များစွာဖြင့် ကြီးပြင်းခဲ့ကြရပြီး ပြစ်မှုအမျိုးမျိုးကို ကျူးလွန်မိတတ်သွားကြပါသည်။ အဆိုပါ ကလေးသူငယ်များ၏ အနာဂါတ်ဘဝ သာယာဖြောင့်ဖြူးရေးအတွက် ပြန်လည်ပဲ့ပြင် ထိန်းကျောင်းပေးရမည့် လူငယ်သင်တန်းကျောင်းများသည်လည်း အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ပင်ဖြစ်ပါသည်။ လူငယ်သင်တန်းကျောင်းများတွင် သင်ကြားပေးသည့် ပညာရပ်များ၊ ပဲ့ပြင်ထိန်းကျောင်းမှု၊ စာရိတ္တပြုပြင်ပေးမှုများသည် ကလေးသူငယ်များ၏ အနာဂါတ်ဘဝအတွက်များစွာ အထောက်အကူ ပြုသင့်လှပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း ကလေးသူငယ်အခွင့်အရေးနှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ ကော်မရှင်ဥပဒေနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်ရေး စခန်းများကို ကြည့်ရှုစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်၍ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုး (Child Desk) နှင့် ကော်မရှင်ရုံးအဖွဲ့သည် ကော်မရှင် ဥပဒေပုဒ်မ ၂၂ (င) အရ လူမှုဝန်ထမ်းဦးစီးဌာန၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သွားရောက်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ကလေးသူငယ်ဥပဒေပါ အခွင့်အရေးများနှင့် စပ်လျဉ်းပြီး သင်တန်းကျောင်းမှ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုဆန်းစစ်မှုများဆောင်ရွက်ခဲ့ပါသည်။ ကော်မရှင်အဖွဲ့နှင့်အတူ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းမာ လိုက်ပါခဲ့ပါသည်။

ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် ပြစ်မှုကျူးလွန်ထားသည့် ကလေးသူငယ်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ လွှဲပြောင်းလာသည့် လမ်းပျော်ကလေးသူငယ်များကို ထိန်းသိမ်းစောင့်ရှောက်ထားရှိရာ ပြစ်မှုကျူးလွန်ထားသည့် ကလေးများအနက် လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနှင့် မူးယစ်ဆေးဝါးအမှုများဖြင့် ရောက်ရှိသူ ကလေးသူငယ်များ တိုးပွားလာသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ အဆိုပါ ကလေးသူငယ်များ ပြစ်မှုကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍ စိတ်နှင့် ခံစားမှုများ ဆန်းစစ်ခြင်းနှင့် စာရိတ္တပြုပြင်တိုးတက်မှုများကို ဆန်းစစ်လေ့လာခြင်းများကိုပါ ဆောင်ရွက်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးမှု ခရီးစဉ်အတွင်း မြန်မာနိုင်ငံ စိတ်ပညာရှင်များအသင်းမှ ဦးအုန်းလှိုင်နှင့် ဒေါက်တာသန်းချစ်တို့ကို ဖိတ်ကြား၍ စိတ်ပညာရှုထောင့်မှ စစ်ဆေးခြင်းများကိုပါ ဆောင်ရွက်ခဲ့ပါသည်။

စစ်ဆေးတွေ့ရှိမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အကြံပြု တိုက်တွန်း ချက် Recommendation များနှင့်အတူ ပေးပို့သွားမည် ဖြစ်ပါသည်။

Recent News