စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေး ကျင်းပခြင်း
၁။ အရှေ့တောင် အာရှ အမျိုးသား လူ့အခွင့်အရေး
အဖွဲ့အစည်းများဖိုရမ် (Southeast
Asia National Human Rights Institutions Forum- SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ်အမှတ် (၂)၊
"စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင်ရန်နှင့် ကာကွယ်ရန်" ကိစ္စရပ်များကို အကောင်အထည်ဖေါ်ရေးအတွက် ဦးဆောင်အဖွဲ့အစည်းအဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လုပ်ငန်းရပ်များ အကောင်အထည်ဖေါ် ဆောင်ရွက်ရန်အတွက် ဖိုရမ်အဖွဲ့ဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော "စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (TWGBHR)" ကို ဖွဲ့စည်းခဲ့ပါသည်။
၂။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင်
"စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (TWGBHR) ၏ ပထမအကြိမ်အစည်းအဝေး" ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်က ဦးဆောင်၍ Zoom Platform မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ရာ
ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူး
ဦးဇေယျာလင်း၊ ဦးစီးအရာရှိများဖြစ်ကြသည့် ဦးမျိုးလှိုင်မြင့်ထွန်းနှင့် ဒေါ်သူဇာစံ၊ ဒုတိယလူ့အခွင့်အရေးဦးစီးမှူး ဒေါ်ထွန်းအိန္ဒြာကျော်နှင့်
SEANF အဖွဲ့ဝင်နိုင်ငံများမှ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်ကိုယ်စားလှယ်များ
စုစုပေါင်း ၁၄ ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။
၃။ အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌအဖြစ်
တာဝန်ယူဆောင်ရွက်ခဲ့ပြီး လုပ်ငန်းအဖွဲ့၏ Term of Reference (ToR) နှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်များက ဆွေးနွေးမှုများပြုလုပ်ကြကာ
ToR ကို အတည်ပြုခဲ့ကြပါသည်။ ဆက်လက်၍ SEANF ၏ မဟာဗျူဟာစီမံကိန်း
(၂၀၂၂-၂၀၂၆) ၏ ဦးစားပေးကိစ္စရပ်
အမှတ် (၂) အကောင်အထည်ဖေါ်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏
ဆောင်ရွက်ချက်များ၊ စိန်ခေါ်မှု အခက်အခဲများကို လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက အစည်းအဝေးသို့
တင်ပြဆွေးနွေးပြီး အစည်းအဝေးတက်ရောက်ကြသည့် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးမှုများ
ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားကာ လုပ်ငန်းအဖွဲ့အစည်းအဝေးကို
ရုပ်သိမ်းခဲ့ပါသည်။

