စီးပွား‌‌ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ပူးပေါင်း၍ စီးပွား‌‌ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကို ၂၃-၁-၂၀၂၄ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်တွင် ကုန်သည်စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းများ၊ စက်မှုဇုံများမှ ကိုယ်စားလှယ်များ၊ အသင်းသူ/သားများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

၂။       ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် အစိုးရဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများအကြား လူ့အခွင့်အရေး အသိပညာဗဟုသုတ တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ လူ့အခွင့်အရေး အသိပညာပေး လုပ်ငန်းအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့အသင်းချုပ်အနေဖြင့် ပူးပေါင်း ပါဝင်ခွင့်ရရှိသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ကမ္ဘာပေါ်တွင် ပိုမိုကျယ်ပြန့်သော လူ့အခွင့်အရေးများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပုဂ္ဂလိကကဏ္ဍသည် အရေးကြီးသော ကဏ္ဍအဖြစ် ပါဝင်နေပါကြောင်း၊ ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၌ ‌ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အသင်းချုပ်အနေဖြင့် ကော်မရှင်၏ ရှေ့လုပ်ငန်းစဉ်များ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

၃။        ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ၂၁ ရာစု၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးရာနှင့် တရားမျှတမှုဆိုင်ရာကိစ္စရပ်များကို အထွေထွေသုံးသပ်မှုများ ပြုလုပ်ရာတွင် လူ့အခွင့်အရေးစံနှုန်းကို ထည့်သွင်းစဉ်းစား၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ ကုလသမဂ္ဂ၏ အရေးကြီးဆုံးသော မဏ္ဍိုင် (၃) ရပ်အနက် လူ့အခွင့်အရေး မဏ္ဍိုင်သည် အဓိကကျသော မဏ္ဍိုင်အဖြစ်ပါဝင်နေပါကြောင်း၊ လူ့အခွင့်အရေးနှင့် စီးပွားရေးကဏ္ဍတို့သည် အရေးကြီးသည့် ကဏ္ဍကြီးများဖြစ်ကြပြီး အပြန်အလှန် ဆက်စပ်မှုများရှိနေကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအားထုတ်ဆောင်ရွက်ရာတွင် “Business & Human Rights” ၏ အရေးကြီးမှုကို သတိပြုရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအားထုတ် ဆောင်ရွက်ရာတွင် လူသားတို့၏ အခြေခံအခွင့်အရေးများကို ထိခိုက်မှုမရှိစေဘဲ ထိန်းသိမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ အမျိုသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်ခြင်းနှင့် လူ့အခွင့်အရေး အသိပညာမြှင့်တင်ခြင်းလုပ်ငန်းများကို အဓိကထား ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းနှင့် အရပ်ဘက်အဖွဲ့အစည်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးတွင် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာမှာ လူ့အခွင့်အရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

၄။         ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက စီးပွား‌ရေးနှင့် လူ့အခွင့်အရေးများဆိုင်ရာ လမ်းညွှန်အခြေခံမူများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးသူရကျော်က စီးပွား‌ရေးနှင့် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အမှုများအပေါ်  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက အရှေ့တောင်အာရှ လူ့အခွင့်အရေး အဖွဲ့အစည်းများတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုလည်းကောင်း အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ ကြပြီး ဆွေးနွေးပွဲအား ၁၂း၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News