ဆောင်ရွက်ချက်အမှတ်စဉ် (၁၀/၂၀၁၆/ကာကွယ်) (လက်ပံတန်း)

  • News

၁။      ၁၀-၃-၂၀၁၅ ရက်နေ့တွင် လက်ပံတန်းမြို့၌ ဆန္ဒပြခဲ့သော ကျောင်းသူ၊ ကျောင်းသား များကို သာယာဝတီဗဟိုအကျဉ်းထောင်၌ ထိန်းသိမ်းထားရှိစဉ် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်း တိုင်တန်းချက်အရ ကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁၃-၇-၂၀၁၅ ရက်နေ့နှင့် ၁၄-၇-၂၀၁၅ ရက်နေ့များတွင် သာယာဝတီဗဟိုအကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုတိုက်တွန်းချက်များကို အများပြည်သူသိရှိရန် ကော်မရှင် Website တွင် သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၉/၂၀၁၅) ဖြင့် ၂၀-၇-၂၀၁၅ နေ့တွင် ဖော်ပြခဲ့ပါသည်။

၂။      အထက်ပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အစီရင်ခံစာအား ပြည်ထဲရေးဝန်ကြီးဌာန သို့ ၅-၈-၂၀၁၅ နေ့တွင် ပေးပို့ခဲ့ရာ အကြံပြုတိုက်တွန်းချက်များအပေါ် ဆောင်ရွက်ချက်များကို ပြည်ထဲရေးဝန်ကြီးဌာနက ၃၁-၈-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၃။      ထို့ပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၇-၇-၂၀၁၅ ရက်နေ့နှင့် ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ (၆၊ ၇၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၉၊ ၂၁၊ ၂၇) ရက်နေ့များတွင် လက်ပံတန်းမြို့ဖြစ်စဉ်၌ ပါဝင်ပတ်သက်ခဲ့သူများကို တွေ့ဆုံစစ်မေးပြီး၊ သုံးသပ်ချက်နှင့် အကြံပြုတိုက်တွန်းချက်များကို သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၂/၂၀၁၅) ဖြင့် ၁၁-၉-၂၀၁၅ ရက်နေ့တွင် ကော်မရှင် Website ၌ ဖော်ပြခဲ့ပါသည်။ ဤအကြံပြုချက်များနှင့်ပတ်သက်၍ မည်သည့်ပြန်ကြားချက်မျှ မရရှိခဲ့ပါ။

၄။      ထို့နောက် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများကို သက်ညှာစွာ စဉ်းစား၍ အထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်စွာ ပါဝင်ဆင်နွှဲခွင့်ရရှိရန်အတွက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရန် နိုင်ငံတော်သမ္မတထံသို့ တင်ပြခြင်း၊ ကော်မရှင်သတင်းထုတ်ပြန်ချက်အမှတ် (၁၅/၂၀၁၅) ဖြင့် ၂၇-၁၀-၂၀၁၅ ရက်နေ့တွင် ကော်မရှင် Website ၌ ဖော်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၅။        သို့သော် ဤကိစ္စနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်၊ မတ်လတွင် အစိုးရ လွှဲပြောင်းသည့်အချိန်ထိ စဉ်းစားဆောင်ရွက်ခဲ့ခြင်း မရှိပါ။ ကော်မရှင်သို့လည်း အကျိုးအကြောင်း ပြန်ကြားခဲ့ခြင်း မရှိပါ။

၆။      နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ၎င်းတို့အား ပြစ်မှုမှ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများကို အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်အမှတ် ၁/၂၀၁၆ ထုတ်ပြန်ခဲ့ရာ၊ ၎င်းထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ကော်မရှင်သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၁၆) ဖြင့် ၈-၄-၂၀၁၆ နေ့တွင် ကော်မရှင် Website ၌ ဖော်ပြခဲ့ပါသည်။

၇။      ထို့နောက် အထက်ပါ ကျောင်းသူ၊ ကျောင်းသားများအား သာယာဝတီမြို့နယ် တရား ရုံး၌ တရားစွဲဆိုထားခြင်းအား ပိတ်သိမ်းပြီး၊ လွတ်မြောက်စေခဲ့ကြောင်း သိရှိရသဖြင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) သို့ ၈-၇-၂၀၁၆ နေ့တွင် E-Mail ဖြင့် အကြောင်းကြားခဲ့ပါ သည်။

 

Recent News