ဆောင်ရွက်ချက်အမှတ်စဉ် (၁၁/၂၀၁၆/ကာကွယ်) (သိမ်ဇရပ်)
၁။ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊
သိမ်ဇရပ်ကျေးရွာအုပ်စုအတွင်း ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုများနှင့်ပတ်သက်၍
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်စဉ်
(၆/၂၀၁၆) ၉-၅-၂၀၁၆ နေ့တွင် အကြံပြုတိုက်တွန်းချက် ၃ ချက်ကိုဖော်ပြ၍
သက်ဆိုင်ရာဌာနများသို့ ပေးပို့ခဲ့ပြီး၊ ဆောင်ရွက်မှုအခြေအနေများကို
ပြန်ကြားပေးရန် ၁၁-၇-၂၀၁၆ နေ့တွင် နှိုးဆော်ခဲ့ပါသည်။
၂။ ပြည်ထဲရေးဝန်ကြီးဌာနက “အခင်းဖြစ်ပွားရာတွင်
ရဲဒုတပ်ကြပ်စိုးရာဇာအား ဆဲဆိုခြိမ်းခြောက်ကာ တုတ်ဖြင့် ရိုက်နှက်ခဲ့သော
ဝါးဒတ်ကွင်းကျေးရွာနေ မောင်ရွှေအား ဖမ်းဆီးရမိပြီး၊ ၉-၅-၂၀၁၆ နေ့တွင် ရာ ၂၉၄/ ၅၀၆/ ၃၃၂ တို့ဖြင့်
တရားစွဲဆိုခဲ့ရာ ကျိုက်ထိုမြို့နယ် တရားရုံးမှ ရာကြီးမှု ၃၅၁/၂၀၁၆ ဖြင့်
စစ်ဆေးနေပြီဖြစ်ကြောင်း၊ ထွက်ပြေးတိမ်းရှောင်နေသူ ထွန်းနိုင်ဝင်း (ခ) ဘီလူးနှင့်
မောင်မောင်တို့အားရာ ၂၉၄/ ၅၀၆/ ၃၃၂/ ကျင့် ၅၁၂ တို့ ဖြင့် တရားစွဲဆိုခဲ့ရာ
ကျိုက်ထိုမြို့နယ်တရားရုံးမှရာ/ထွေမှု ၃၈/၂၀၁၆ ဖြင့် လက်ခံထားရှိကြောင်း၊
ကျူးကျော်တဲ ၆၅၀ ခန့်အား မီးရှို့ဖျက်ဆီးခဲ့သူများ ဖြစ်သော ဦးခင်အေး (ခ) ပဲသီး၊
ဦးအောင်မိုးမြင့်၊ ဆန်းလွင် (ခ) ငမျိုး၊ ထွန်းဇော်ဦး (ခ) စောနိုင်လင်း၊ ဝင်းအောင်၊
စိုးစိုး၊ ကျော်ဦး၊ ခိုင်ဝင်း၊ တင်အိ (ခ) အိမောင်နှင့် သန်းအောင်တို့အားဖမ်းဆီးပြီး၊ ၂၁-၇-၂၀၁၆ နေ့တွင်ရာ ၄၃၆ ဖြင့် တရားစွဲဆိုခဲ့ရာ ကျိုက်ထိုမြို့နယ်
တရားရုံးက ရာကြီးမှု ၅၁၉/၂၀၁၆ ဖြင့် စစ်ဆေးနေပြီဖြစ်ကြောင်း၊ ” စသည်တို့ကို
၂၉-၇-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။
၃။ အလားတူ မွန်ပြည်နယ်အစိုးရကလည်း “ကျိုက်ထိုမြို့နယ်
အုပ်ချုပ်ရေးမှူးက တားမြစ်ဧရိယာအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်သော
ဦးဘိုဘိုအောင်(ပါ) ၇ ဦးအားရာ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ရာ ရာကြီးမှု ၆၉၈/၂၀၁၅
ဖြင့်လည်းကောင်း၊ ဦးမောင်ရွှေ(ပါ) ၄ ဦးအား ရာကြီးမှု ၇၆၈/၂၀၁၅ ဖြင့်လည်းကောင်း၊
ဦးမြင့်ထွေး (ပါ) ၄ ဦးအား ရာကြီးမှု ၁၆၇ / ၂၀၁၆ ဖြင့်လည်းကောင်း
ကျိုက်ထိုမြို့နယ်တရားရုံးက စစ်ဆေးနေပြီဖြစ်ကြောင်း၊ အခင်းဖြစ်ပွားမြေအား
ကျေးရွာမြေအဖြစ် တိုးချဲ့ဖွဲ့စည်းခွင့်ပြုရန် နိုင်ငံတော်သမ္မတရုံးသို့ ၂-၆-၂၀၁၆
နေ့တွင်တင်ပြခဲ့ကြောင်း၊ ခွင့်ပြုမိန့်ရရှိပါက စနစ်တကျ မြေနေရာချထားပေးနိုင်ရေးအတွက် အိမ်ရာမြေကွက်များ တိုင်းတာသတ်မှတ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ထားကြောင်း” စသည်ဖြင့် ၂-၈-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။
၄။ ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း
“အခင်းဖြစ်ပွားမှုများနှင့်ပတ်သက်၍ ကျိုက်ထိုတရားရုံးတွင် လက်ခံစစ်ဆေးလျက်ရှိရာ
ရာထွေမှု ၁၅/၂၀၁၆ နှင့် ၂၃/၂၀၁၆ တို့မှ တရားခံ ဦးမောင်မောင်(ပါ) ၂ ဦးအား ကျင့်
၈၇/၈၈ တို့အရ ဝရမ်းများ ထုတ်ဆင့်ထားပြီးဖြစ်ကြောင်း၊ ရာ ၇၂/၂၀၁၆၊ ၇၃/၂၀၁၆ နှင့်
၇၄/၂၀၁၆ တို့မှ တရားလိုသည် ရုံးချိန်းရက်တွင် လာရောက်ခြင်းမရှိ၍ ကျင့် ၂၅၉ အရ
တရားခံအား စွဲချက်မတင်မီ လွှတ်သည့်အမိန့်ကို ၂၃-၅-၂၀၁၆ နေ့တွင် ချမှတ်ခဲ့ကြောင်း၊
ရာ ၇၈၃/၂၀၁၅ အား စစ်ဆေးနေပြီဖြစ်ကြောင်း၊ ရာ ၁၆၇/၂၀၁၆ မှ တရားခံမြင့်ထွေး(ပါ) ၄
ဦးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာကြီးမှုအား ပိတ်သိမ်းပြီး၊ ရာ/ထွေမှုသို့
ပြောင်းလဲဖွင့်လှစ်၍ ကျန်အမှုများကို ဆက်လက်စစ်ဆေး နေဆဲဖြစ်ကြောင်း၊” စသည်ဖြင့်
၁၅-၈-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။
၅။ တိုးတက်မှုအခြေအနေများကို ထပ်မံပြန်ကြားပေးရန် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားထားပါသည်။