ဆောင်ရွက်ချက်အမှတ်စဉ် (၃/၂၀၁၆/ကာကွယ်)

  • News

၁။      ၂၂-၁၂-၂၀၁၄ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ခြံစည်းရိုးကာရံရေး ဆောင်ရွက်စဉ် အဓိကရုဏ်းဖြစ်ပွားပြီး ဒေါ်ခင်ဝင်း သေဆုံးခဲ့ပါသည်။

၂။      ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်နှင့် ဦးစိုးဘုန်းမြင့်တို့သည် အခင်းဖြစ်ပွားရာနေရာသို့ ၃၀-၁၂-၂၀၁၄ မှ ၂-၁-၂၀၁၅ ရက်နေ့ထိ သွားရောက် စုံစမ်းစစ်ဆေးခဲ့ပါသည်။

၃။      ကော်မရှင်၏အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ ၁၂-၁-၂၀၁၅ ရက်နေ့တွင် ပေးပို့ခဲ့ပါသည်။

၄။      ကော်မရှင် Website တွင် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁/၂၀၁၅) ဖြင့် အကြံပြုတိုက်တွန်းချက် ၄ ချက်ကို ၁၄-၁-၂၀၁၅ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။

၅။      အကြံပြုတိုက်တွန်းချက်များအပေါ် ဆောင်ရွက်မှုအခြေအနေကို ပြန်ကြားပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၂-၄-၂၀၁၅ ရက်နေ့တွင် အကြောင်းကြားခဲ့ပါသည်။

၆။    ၎င်းအမှုအား ဆားလင်းကြီးရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၄ /၂၀၁၄) ရေးဖွင့်၍ ၃၀-၁-၂၀၁၅ နေ့တွင် ဆားလင်းကြီးတရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၆ ဦးအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူရန် သက်သေခံအကျဉ်းချုပ် ရေးမှတ်လျက်ရှိကြောင်း၊ အဓိကရုဏ်းနှိမ်နင်းရေးသင်တန်းများ ပို့ချလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၁၁-၄-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၇။      အမိန့်ချမှတ်ခဲ့မှုအခြေအနေများ ပြန်ကြားပေးရန် မြို့နယ်တရားရုံး၊ ဆားလင်းကြီးသို့ ၁၅-၅-၂၀၁၅ ရက်နေ့တွင် အကြောင်းကြားခဲ့ပါသည်။

၈။      ရဲတပ်ဖွဲ့ဝင်များအား အရေးယူဆောင် ရွက်ပြီးစီးမှုအခြေအနေများ ပြန်ကြားပေးရန် ပြည်ထဲ ရေးဝန်ကြီးဌာနသို့ ၁၅-၅-၂၀၁၅ ရက်နေ့တွင် အကြောင်းကြားခဲ့ပါသည်။

၉။      တိုးတက်မှုအခြေအနေပြန်ကြားပေးရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြို့နယ်တရားရုံး၊ ဆားလင်းကြီးသို့ ၃၀-၇-၂၀၁၆ ရက်နေ့တွင် ထပ်မံနှိုးဆော်ခဲ့ပါသည်။

၁၀။    ၎င်းအမှုနှင့် စပ်လျဉ်း၍ ၃၀-၁-၂၀၁၅ နေ့တွင် တရားစွဲဆိုလာသဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၇၆ အရ စုံစမ်းစစ်ဆေးရန် ပြစ်မှုဆိုင်ရာ အထွေထွေမှု အမှတ် ၂/၂၀၁၅ ဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း၊ ၉-၄-၂၀၁၅ နေ့တွင် ဆားလင်းကြီး ရံစခန်းမှ ပုဒ်မ ၃၀၂ သို့ ပြောင်းလဲခဲ့ကြောင်း၊ မြို့နယ်တရားသူကြီး ဦးရွှေမြင့်အောင်မှ ၎င်းအမှုနှင့်စပ်လျဉ်း၍ အမှုစစ် ဒုရဲမှူးသန်းနိုင် (ပါ) ရဲ ၁၃ ဦး၊ အရပ်သား ၁၁ ဦး၊ အုပ်ချုပ်ရေးမှူး ၁ ဦး၊ တရုတ်နိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၂၆ ဦး စစ်ဆေးခဲ့ပြီး “ဒေါ်ခင်ဝင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်းမဟုတ်ကြောင်း” အမိန့်ချခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် တရားရုံးမှ ၄-၆-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၁၁။    ရဲတရားရုံးအမှတ်စဉ် (၅၈/၂၀၁၅) (စကရ) မှ ဤအမှုတွင် သေနတ်ပစ်ခတ်ခဲ့သူ ဒုရဲအုပ် ကျော်အောင်အား ရဲအရာခံအဆင့်သို့ (၅)နှစ်လျော့ချသည့် ပစ်ဒဏ်ကိုလည်းကောင်း၊ ရဲတပ်ကြပ်ကြီး ကိုကိုဦးအားရဲတပ်ကြပ်အဆင့်သို့ (၅)နှစ် လျော့ချသည့် ပစ်ဒဏ်ကို လည်းကောင်း၊ တာဝန်ရှိသူစစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်း၊ အမှတ်(၉) လုံခြုံရေးကွပ်ကဲမှု အဖွဲ့ခွဲမှူး ယာယီရဲမှူးကြီး မျိုးမင်းဦး၊ အမှတ် (၂၈)  လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး မျိုးဝဏ္ဏနှင့် ယင်းမာပင်ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလွင်ဦးတို့အား အငြိမ်းစားလစာအတွက် ရဲအမှုထမ်းသက် (၁) နှစ် လျော့ချသည့် ပစ်ဒဏ်တို့ကိုလည်းကောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၅-၈-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

Recent News