ဆောင်ရွက်ချက်အမှတ်စဉ် (၆/၂၀၁၆/ကာကွယ်)

  • News

၁။      ၁၇-၂-၂၀၁၅ ရက်​နေ့တွင် အင်းစိန်ဗဟိုအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး ထောင်တွင်းခုတင် (၅၀) ဆံ့ဆေးရုံကို အဆင့်တိုးမြှင့်၍ ဖွဲ့စည်းပုံနှင့်အညီ ကျန်းမာရေးဝန်ထမ်းများကို ပြည့်စုံစွာခန့်အပ်တာဝန်ပေးသင့်ပြီး လောလောဆယ် သွားရောဂါကုဆရာဝန်နှင့် အမျိုးသမီးဆရာဝန်တို့ကို ဆောလျင်စွာခန့်အပ်သင့်ကြောင်း အကြံပြုခဲ့ရာ၊ အမျိုးသမီးဆရာဝန်ဒေါက်တာသံစဉ်သာဝင်းသည် အင်းစိန်ဗဟို အကျဉ်းထောင်၊ အမျိုးသမီးဆေးရုံသို့ ၅-၃-၂၀၁၅ ရက်နေ့တွင် ရောက်ရှိတာဝန်ထမ်းဆောင်လျှက်ရှိကြောင်း၊ သွားရောဂါကုဆရာဝန်မှာ ခွင့်မဲ့ပျက်ကွက်ဖြစ်သွားသဖြင့် လူစားရရှိရေး တင်ပြထားကြောင်း၊ ဆရာဝန်၊ ကျန်းမာရေးမှူးနှင့် သူနာပြုလိုအပ်ချက်များကို ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ကျန်းမာရေးဝန်ကြီးဌာနသို့ တောင်းခံပေးလျက်ရှိပြီး ကျန်းမာရေးဦးစီးဌာနမှလည်း ၎င်းတို့၏ဝန်ထမ်းအင်အားအပေါ်မူတည်ပြီး ဖြန့်ခွဲပြောင်းရွှေ့ပေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၇-၈-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၂။      ၇-၅-၂၀၁၅ ရက်​နေ့တွင် မိုင်းဆတ်အကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး၊ လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်တင်းခန့်အပ်နိုင်ရေး ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့ရာ၊ ဆရာဝန်၊ ကျန်းမာရေးမှူးနှင့် သူနာပြုလိုအပ်ချက်များကို ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ကျန်းမာရေးဝန်ကြီးဌာနသို့ တောင်းခံပေးလျက်ရှိပြီး ကျန်းမာရေးဦးစီးဌာနမှလည်း ၎င်းတို့၏ဝန်ထမ်းအင်အားအပေါ်မူတည်ပြီး ဖြန့်ခွဲပြောင်းရွှေ့ပေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၇-၈-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၃။      ၇-၆-၂၀၁၅ ရက်နေ့တွင် မန္တလေးဗဟိုအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး၊ လစ်လပ်နေသော အမျိုးသမီးဆရာဝန်အား အမြန်ဆုံးခန့်အပ်သင့်ကြောင်း၊ ထောင်တွင်း (၂၅) ခုတင်ဆံ့ဆေးရုံအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများ တိုးမြှင့်တောင်းခံသင့်ကြောင်း အကြံပြုခဲ့ရာ၊ လစ်လပ်နေသော အမျိုးသမီးဆရာဝန် ရရှိရေးအတွက် တင်ပြထားပြီးဖြစ်သလို ပြည်ထဲရေးဝန်ကြီးဌာနမှလည်း ကျန်းမာရေးဝန်ကြီးဌာနသို့ တောင်းခံထားကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများ တိုးမြှင့်ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၁၆-၃-၂၀၁၆ ရက်​နေ့တွင် ပြန်ကြားခဲ့ပါသည်။

၄။      ၁၃-၇-၂၀၁၅ ရက်​နေ့တွင် သာယာဝတီဗဟိုအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး၊ ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများ ဖြည့်တင်းခြင်း၊ သွားရောဂါဆရာဝန်၊ အမျိုးသမီး ဆရာဝန် နှင့် သူနာပြုဆရာမများထားရှိခြင်း၊ ဓါတ်မှန်ရိုက်စက်နှင့် ခေတ်မီဆေးဝါး၊ ပစ္စည်းကိရိယာများ ပြည့်စုံစွာထားရှိခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့ရာ၊ သာယာဝ တီအကျဉ်းထောင် တွင် ကျန်းမာရေးဝန်ထမ်း၊ ဖွဲ့စည်းပုံမှာ ၁၅ ဦးဖြစ်ပြီး လက်ရှိတွင် ဆေးရုံအုပ် ၁ ဦး၊ လ/ထ ဆရာဝန် ၁ ဦး၊ လ/ထ ကျန်းမာရေးမှူး ၁ ဦး၊ သူနာပြုကြီး (မ) ၁ ဦး မှာ ၁ – ၁ – ၂၀၁၅ ရက်နေ့မှစ၍ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) သင်တန်းတက်ရောက်နေသဖြင့် အစားထိုး ဖြည့်တင်းပေးရန် ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း၊ ဖွဲ့စည်းပုံအတိုင်း ဖြည့်ဆည်းရန်မှာ ကျန်းမာရေးဝန်ကြီးဌာနမှ ၎င်းတို့၏ဝန်ထမ်းအင်အား ပေါ်မူတည်ပြီး ဖြည့်ဆည်းပေးကြောင်း၊ ဆေးရုံသုံးပစ္စည်း လိုအပ်ချက်အား ဘတ်ဂျက်ခွဲဝေရရှိမှသာ ဖြည့်တင်းနိုင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၃၁-၈-၂၀၁၅ ရက်​နေ့တွင် ပြန်ကြားခဲ့ပါသည်။

၅။      ၇-၁၀-၂၀၁၅ ရက်​နေ့တွင် ကော့သောင်းအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး၊ အကျဉ်းထောင်ဆေးရုံတွင် ဗဟိုဆေးပစ္စည်းသိုလှောင်ရေးဌာန (CMSD) မှ ထုတ်ပေးသော ဆေးဝါးများရရှိရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့ရာ၊ ကော့သောင်းအကျဉ်းထောင်တွင် ထောင်တွင်းဆေးရုံ မရှိပါသဖြင့် (CMSD) မှ ဆေးဝါးများမရရှိ၍ ဆေးဝါးများမရရှိ၍ ဆေးဝါးများရရှိရေးအတွက် ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၈-၅-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

Recent News