ဆောင်ရွက်ချက်အမှတ်စဉ် (၇/၂၀၁၆/ကာကွယ်)

  • News

၁။     ကချင်ပြည်နယ်၊ ကာမိုင်းမြို့၊ ဇီးကျွန်းရပ်ကွက်အတွင်းသို့ ၁၉-၆-၂၀၁၅ ရက်နေ့တွင် ခလရ (၂၅၀) စစ်ကြောင်းရောက်ရှိလာပြီး ရွာသား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ၂၅-၆-၂၀၁၅ ရက်​နေ့တွင် ရွာသား ၃ ဦး လွတ်မြောက်လာပြီး ၎င်း၏သားမက်ဖြစ်သူ ဦးတူးဂျာဆိုသူ သေဆုံးသွားကြောင်း သိရှိရသော်လည်း အလောင်းကိုမတွေ့ရကြောင်း၊ ဘာသာရေးအရ ဝတ်ပြုဆုတောင်းပြီး မြုပ်နှံပေးလိုကြောင်း၊ အလောင်းဖျောက်ဖျက်မှုအား အရေးယူပေးစေလိုကြောင်းစသည်ဖြင့် ၃-၉-၂၀၁၅ ရက်နေ့စွဲပါ ဒေါ်မွေဖုထု၏ တိုင်ကြားစာကို ကော်မရှင်မှ ၄-၉-၂၀၁၅ ရက်နေ့တွင် လက်ခံရရှိခဲ့ပါသည်။

၂။       ကော်မရှင်သည် တိုင်ကြားစာကို ၁၁-၁-၂၀၁၆ နေ့တွင် ကြားနာသုံးသပ်ခဲ့ပြီး၊ အဖြစ်မှန်အား စိစစ်ဖော်ထုတ်ပေးရန် ၁၉-၁-၂၀၁၆ နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၃။      ကာကွယ်ရေးဝန်ကြီးဌာနက သေဆုံးသူမှာ KIA တပ်ရင်း (၆)၊ တပ်ခွဲ (၃) မှ ကိုယ်ပိုင် အမှတ်၊ ဘီ ၁၃၄၇၉၊ တပ်ကြပ်တူးဂျာဖြစ်ကြောင်း၊ ၅-၁၀-၂၀၁၅ ရက်နေ့တွင်အလောင်းအား ပြန်လည်ဖော်ယူ၍ ရင်ခွဲစစ်ဆေးပြီး၊ ၆-၁၀-၂၀၁၅ ရက်နေ့တွင် ဝတ်ပြုဆုတောင်းပွဲပြုလုပ်ကာ မြေမြုပ်သင်္ဂြိုဟ်ခဲ့ကြောင်း၊ တာဝန်ရှိသူ ဗိုလ်မှူးရဲကျော်သူအား ဖြစ်စဉ်လိမ်လည်တင်ပြမှု၊ အလောင်းအား ဖျောက်ဖျက်ခဲ့မှုများကြောင့် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်လျက်ရှိကြောင်း ၂၁-၁-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၄။    တိုးတက်မှုအခြေအနေကို ထပ်မံပြန်ကြားပေးရန် ၂၅-၂-၂၀၁၆ နေ့တွင် ကော်မရှင်က ကာကွယ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ရာ၊ ၁၁-၃-၂၀၁၆ နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးရဲကျော်သူအား အကျဉ်းစစ်တရားရုံးချုပ်အမှတ်စဉ် (၁၅၆/၂၀၁၅) ဖြင့် စစ်ဆေးပြီးရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်စေရန် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း ပြန်ကြားခဲ့ပါ သည်။

၅။       ကာကွယ်ရေးဝန်ကြီးဌာန၏အရေးယူဆောင်ရွက်မှုကို ကော်မရှင်သည် တိုင်ကြားသူထံသို့ ၆-၅-၂၀၁၆ ရက်​နေ့တွင် အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။