ဆောင်ရွက်ချက်အမှတ်စဉ် (၈/၂၀၁၆/ကာကွယ်)

  • News

၁။      KKO မှ ဗိုလ်ကြီးအဆင့်ရှိ ပြန်ကြား​ရေးတာဝန်ခံ ကိုအောင်နိုင်ဆိုသူ သေဆုံးကြောင်းသတင်းကို ကာကွယ်ရေးဝန်ကြီးဌာနက ၂၅-၁၀-၂၀၁၄ ရက်​နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။

၂။       ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အဖြစ်မှန်အား စုံစမ်းဖော်ထုတ်ပေးရန် ဦးမင်းသီဟန်၊ Education Digest ဂျာနယ်နှင့် ဒေါ်သန္တာ (သေဆုံးသူ၏ဇနီး)တို့ထံမှ တိုင်ကြားစာများရရှိသဖြင့် ကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်၊ အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ဒေါက်တာဉာဏ်ဇော်တို့သည် အခင်းဖြစ်ပွားသည့် ကျိုက်မရောမြို့နယ်သို့ ၁-၁၁-၂၀၁၄ ရက်နေ့မှ ၈-၁၁-၂၀၁၄ ရက်နေ့အထိ ပထမအကြိမ်၊ ၁၂-၁၁-၂၀၁၄ ရက်နေ့မှ ၁၆-၁၁-၂၀၁၄ ရက်နေ့အထိ ဒုတိယအကြိမ် သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး၊ အထူးအစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ ၁-၁၂-၂၀၁၄ ရက်နေ့တွင် တင်ပြခဲ့ပါသည်။

၃။       ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ကော်မရှင်၏အပိုဒ် ၅၂ ပိုဒ်ပါ စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ချက်ကို ကော်မရှင်ရုံး Website ဖြစ်သော www.mnhrc.org.mm တွင် ၂-၁၂-၂၀၁၄ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်၌ အောက်ပါအကြံပြုတိုက်တွန်းချက် ၄ ချက် ပါဝင်ခဲ့ပါသည်-

(က)    မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့်ပတ်သက်၍ ရဲလုပ်ငန်းများ ကုန်စင်အောင်ဆောင်ရွက်ပြီး တရားဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်ပါသည်။

( ခ)    နိုင်ငံတော်၏လုံခြုံရေးကို ထိခိုက်စေသောကိစ္စရပ်များမှအပ လူထုနှင့် ထိတွေ့ဆက်ဆံရသောအမှုကိစ္စများတွင် ပွင့်လင်းမြင်သာစွာဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်မှုများကို ဆောင်ရွက်သင့်ပါသည်။

(ဂ)   ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး (ကလောင်အမည် – အောင် ကြီး) ဆိုသူသည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်၍ ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်ဖြစ်ပြီး၊ ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်သာ ဖြစ်ပါသည်။

(ဃ)   ထို့ကြောင့် ၂၀၀၈ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၄၇) ပါပြဌာန်းချက်များနှင့်အညီ နိုင်ငံသားများ၏မူလအခွင့်အရေးများ ရရှိစေရန်နှင့် အများပြည်သူအမြင်တွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ဤအမှုကို နယ်ဘက်ဆိုင်ရာတရားရုံးတွင် စစ်ဆေးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

၄။        ထို့​နောက် ၆-၁-၂၀၁၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးခန်း၌ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား အထက်ပါအမှုနှင့်ပတ်သက်၍ ကော်မရှင်၏ဆောင်ရွက်ချက် အကျဉ်းချုပ်နှင့် အကြံပြုတိုက်တွန်းချက်များကို ကော်မရှင်ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်၊ အဖွဲ့ဝင်ဦးဇော်ဝင်းနှင့် ဒေါက်တာဉာဏ်ဇော်တို့က ရှင်းလင်းတင်ပြခဲ့ကြရာ နိုင်ငံတော်သမ္မတကြီးက ဤအမှုနှင့်ပတ်သက်၍ တပ်မတော်မှလည်း စုံစမ်းစစ်ဆေးရေးခုံရုံး ပြုလုပ်ခဲ့ကြောင်း၊ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အတည်ပြုပြီးဖြစ်ကြောင်း၊ သင့်လျော်သလို သတင်းထုတ်ပြန်ပေးစေလိုကြောင်း မိန့်ကြားခဲ့ပါသည်။

၅။        ထို့ကြောင့် ဤအမှုနှင့်ပတ်သက်၍ တပ်မတော်မှ ဆောင်ရွက်မှုအခြေအနေကို ပြန်ကြားပေးပါရန် ကော်မရှင်သည် ကာကွယ်ရေးဝန်ကြီးဌာနသို့ ၁၁-၂-၂၀၁၅ ရက်နေ့တွင် အကြောင်းကြားခဲ့ရာ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းသေဆုံးမှုသည် တန်းပြည့်စစ်မှုထမ်းချိန်အတွင်း ဖြစ်ပွားခဲ့သဖြင့် တပ်မတော်အက်ဥပဒေ ပုဒ်မ ၇၂ အရ စစ်တရားရုံး၏စီရင်ခွင့်အာဏာအတွင်း ကျရောက်ကြောင်း၊ အကျဉ်းစစ်တရားရုံးချုပ်အမှတ်စဉ် (၁၄၆/၁၄၇) တို့ဖြင့် တရားခံစစ်သည် ၂ ဦးအား စစ်ဆေးရာ အပြစ်မရှိဟုဆုံးဖြတ်ပြီး တရားသေလွှတ်သည့်အမိန့်ချမှတ်ခဲ့ကြောင်း စစ်တရားရုံး၏ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်များအား တပ်မတော်အက်ဥပဒေ (၁၁၁) နှင့် (၁၁၄) တို့အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏တရားစီရင်ရေးအာဏာ အပ်နှင်းခြင်းခံရသော အတည်ပြုအာဏာပိုင်ဖြစ်သည့် တိုင်းမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ၂၈-၁၁-၂၀၁၄ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် တာဝန်ရှိသူစစ်ကြောင်းမှူးအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးမှအပြစ်ဖော်ပြ သတိပေးဆုံးမခဲ့ကြောင်း ၁၉-၃-၂၀၁၅ နေ့တွင် ပြန်ကြားခဲ့ပါသည်။

၆။      အထက်ပါဆောင်ရွက်ချက်များကို ကော်မရှင် Website တွင် ၈-၅-၂၀၁၅ ရက်နေ့ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၅/၂၀၁၅) ဖြင့် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

၇။      ကျိုက်မရောမြို့နယ်၊ မြို့မရဲစခန်းက ၎င်းအမှုအား မှားယွင်းမှုဖြင့် ပိတ်သိမ်းခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်သန္တာထံသို့ ၂၁-၃-၂၀၁၆ နေ့တွင် အကြောင်းကြားစာပေးပို့ခဲ့သည်။ ရဲစခန်းမှတ်ပုံတင် (၂၃) ပိတ်သိမ်း အမှတ်စဉ် (၅/၂၀၁၆) ၁၉-၃-၂၀၁၆

၈။      ၂၆-၈-၂၀၁၆ နေ့တွင် ရှေ့နေရောဘတ်စန်းအောင်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အာဏာပေးစာချွန်လွှာထုတ်ပြီး ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားတင်သွင်းခဲ့ရာ အမှုအမှတ် (၂၇/၂၀၁၆) ဖြင့် မှတ်ပုံတင်ခဲ့သည်။

 

Recent News