ဆောင်ရွက်ချက်အမှတ်စဉ် (၉/၂၀၁၆/ကာကွယ်) (စအရ (၉၀၃) မြေသိမ်းကိစ္စ)

  • News

၁။      ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာနေ ဒေါ်နန်းလေး အပါအဝင် ကျေးရွာလူထု ၆၃ ဦးနှင့် ဦးခွန်မောင်ဟန် အပါအဝင် ကျေးရွာလူထု ၇၁ ဦးတို့က ၎င်းတို့၏လယ်ယာမြေဧက ၈၀၀ အား အမှတ် (၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနှင့် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတို့မှ သိမ်းယူထားသဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြုပါရန် ၁၀-၃-၂၀၁၄ ရက်နေ့တွင် ကော်မရှင်အဟောင်းသို့လည်းကောင်း၊ ၁၆-၁၂-၂၀၁၄ ရက်နေ့တွင် လက်ရှိကော်မရှင်သို့လည်းကောင်း တိုင်ကြားခဲ့ပါသည်။

၂။        ကော်မရှင်အဟောင်းသည် ၆-၆-၂၀၁၄ ရက်​နေ့တွင် တိုင်စာအားကြားနာပြီး လိုအပ်သော အထောက်အထား၊ စာရွက်စာတမ်းများ ပေးပို့ရန် ၃၁-၇-၂၀၁၄ ရက်​နေ့တွင် တောင်းခံခဲ့ပါသည်။

၃။   လိုအပ်သောအထောက်အထား စာရွက်စာတမ်းများပြည့်စုံသဖြင့် ကော်မရှင်သည် ၉-၂-၂၀၁၅ ရက်​နေ့တွင် အစည်းအဝေးထိုင်ပြီး ကာကွယ်ရေးဝန်ကြီးဌာနသို့ ၁၃-၂-၂၀၁၅ ရက်နေ့တွင် အကြောင်းကြားခဲ့ပါသည်။

၄။    ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းမြေများသည် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ၏ဌာနချုပ်ဧရိယာအတွင်း ပါဝင်ခြင်းမရှိဘဲ၊ ပြည်ထဲရေးအမိန့် ရရှိပြီးဖြစ်သော လေ့ကျင့်ရေး မြေ ၁၈၃၆၀.၄၈ ဧကအတွင်း ပါဝင်နေကြောင်း၊ မဖြစ်မနေအသုံးပြုရမည့် အနည်းဆုံးလို အပ်မြေ ၄၂၄၂.၅ ဧကအား ချန်လှပ်၍ ကျန်မြေ ၁၄၁၁၇.၉၈ ဧကအား ပြန်လည်စွန့်လွှတ်ပေးမည်ဖြစ်ကြောင်း ၁၂-၃-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၅။      ကာကွယ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုကို ကော်မရှင်မှ တိုင်တန်းသူများထံသို့ ၆-၄-၂၀၁၅ ရက်နေ့တွင် အသိပေးအကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။