ဆောင်ရွက်ချက် အမှတ်စဉ်(၁၃/၂၀၁၆/ကာကွယ်) (မြန်မာ့အကြီးစားစက်မှုလုပ်ငန်းစက်ရုံ အမှတ် ၁၂)

  • News

၁။     ၁၉၈၉ ခုနှစ်တွင် အမှတ် (၅) ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်မိသားစု စားနပ်ရိက္ခာဖူလုံရေးအတွက်ဟုဆိုကာ တောင်သူ (၁၁၀) ဦး ပိုင်ဆိုင်သော လယ်ယာမြေများအား နစ်နာကြေးမပေးဘဲ သိမ်းယူခဲ့၍ မြန်မာ့အကြီးစားစက်မှုလုပ်ငန်းစက်ရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေမပြဋ္ဌာန်းမီအချိန်ထိ တောင်သူများမှာ ၎င်းစက်ရုံသို့ သီးစားပေး၍ လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ အကောင်အထည် ဖော်ပြီးသည့်နောက်တွင် တောင်သူများမှ သက်ဆိုင်ရာဌာနများသို့ စက်ရုံမှ အကောင်အထည် မဖော်ဖြစ်သော မြေများအတွက် မှတ်ပုံတင်ခွင့်ရရှိရန် တောင်းခံခဲ့ရာတွင် ထိုမြေများအား ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိကြောင်း၊  သို့ဖြစ်ပါ၍ ပြန်လည်မစွန့်လွှတ်သော လယ်ယာမြေများအတွက် လျော်ကြေး၊ နစ်နာကြေးများရရှိစေရန် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ တုံကင်းကျေးရွာအုပ်စု၊ ရွာထောင်ချင်းကျေးရွာနေ ဦးကျော်နိုင် (ပါ) တောင်သူ ၁၁၀ ဦးမှ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ၂၂-၂-၂၀၁၆ နေ့တွင် တိုင်ကြားလာခဲ့ပါသည်။

၂။      ၁-၃-၂၀၁၆ နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၂/၂၀၁၆) တွင်ထိုင်ပြီး စိစစ်ဖြေရှင်းပေးရန် စက်မှုဝန်ကြီးဌာနသို့ ၇-၃-၂၀၁၆ နေ့တွင် အကြောင်းကြားခဲ့ပါသည်။

၃။     ပြန်ကြားချက်မရရှိသဖြင့် ၃-၈-၂၀၁၆ နေ့တွင် စက်မှုဝန်ကြီးဌာနသို့ ထပ်မံအကြောင်းကြားခဲ့ရာ ၁၈-၈-၂၀၁၆ နေ့တွင် စက်မှုဝန်ကြီးဌာနက ၎င်းမြေပိုင်ဆိုင်သော အမှတ် (၁၂) အကြီးစားစက်ရုံ (ထုံးဘို)အား ၃၁-၃-၂၀၁၆ နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြန်ကြားခဲ့ပါသည်။

၄။   ထို့ကြောင့် ၎င်းမြေအသုံးချမှုအား စိစစ်၍ ပြန်လည်ပေးအပ်နိုင်သော မြေများကို ပြန်လည်ပေးအပ်ခြင်း၊ ပြန်လည်ပေးအပ်ခြင်းမပြုနိုင်ပါက ထိုက်သင့်သည့် လျော်ကြေးများရရှိအောင် ဆောင်ရွက်ပေးခြင်းစသည်တို့ကို ပြုလုပ်သင့်ပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာနသို့ ၃၀-၈-၂၀၁၆ နေ့ တွင် အကြောင်းကြားခဲ့ပါသည်။