တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ သွားရောက်ပို့ချ (၅-၈-၂၀၂၆)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာနုနုရီ၊ ဒေါက်တာတင်ဌေးအိနှင့် ကော်မရှင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်တို့သည် ၅-၈-၂၀၂၆ ရက်နေ့ ၁၂:၀၀ နာရီမှ ၁၅:၀၀ နာရီအချိန်အထိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းများသို့ သွားရောက်၍ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ် သင်ခန်းစာများကို ပို့ချခဲ့ကြပါသည်။ ထိုသို့ သွားရောက်ပို့ချရာတွင် ခြေလျင်တပ်ရင်းမှူးသင်တန်း အမှတ်စဉ် (၁၃၄၊ ၁၃၅) တို့၌ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာနုနုရီက လူ့အခွင့်အရေး အခြေခံအယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်ဌေးအိက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်ကြီး (၉) ခုအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းတို့ကို ပို့ချခဲ့ပါသည်။ ထို့ပြင် ခြေလျင်တပ်ခွဲမှူးသင်တန်း အမှတ်စဉ် (၂၃၂) သို့ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာနုနုရီက လူ့အခွင့်အရေး အခြေခံအယူအဆများအကြောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်ဌေးအိက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ ကော်မရှင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း စသည့် ဘာသာရပ်သင်ခန်းစာများကို ပို့ချခဲ့ကြပါသည်။ အဆိုပါ သင်တန်းများသို့ စုစုပေါင်း သင်တန်းသားအရာရှိ ၂၈၉ ဦး တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်