တောင်-တောင်(ပိုင်းနိုင်ငံများ) လူ့အခွင့်အရေး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တက်ရောက်ခြင်း

  • News

ပထမအကြိမ် တောင်- တောင် (ပိုင်းနိုင်ငံများ) လူ့အခွင့်အရေးဆွေးနွေးပွဲ (South- South Human Rights Forum) ကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့တွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့မှ (၈) ရက်နေ့အထိကျင်းပခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့ တက်ရောက်ခဲ့ကြပါသည်။

ဘေဂျင်းမြို့တွင် ပထမအကြိမ်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့မှ ပူးတွဲကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံ (၇၀) တို့မှ ကိုယ်စားလှယ်ပေါင်း (၃၀၀) ဦးတက်ရောက်ပါဝင်ဆွေးနွေးကြပါသည်။

    ယင်းဆွေးနွေးပွဲတွင် တင်ပြဆွေး​နွေးမှုများအနက် အလွှာပေါင်းစုံ ပါဝင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်- တောင်ပိုင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအရ လူ့အခွင့်အရေးများ ရရှိခံစားခြင်း (Realization of Inclusive Development and Human Rights under South- South Cooperation)၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုမြှင့်တင်ရေးနှင့် အခြေခံလူ့အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ခြင်း၊ တရုတ်နိုင်ငံနှင့် တောင်- တောင်ပူးပေါင်း ဆောင်ရွက်ရေးနှင့်ဆက်စပ်၍ ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးဖွံ့ဖြိုးမှုမြှင့်တင်ရန် အခန်းကဏ္ဍအရေးကြီးပုံ၊ ကမ္ဘာနှင့်အဝှမ်းတွင် လူ့အခွင့်အရေးဆိုင်ရာတိုးတက်မှုအသစ် ဖြစ်ပေါ်စေရေးကို ရှေးရှု၍ လူ့ဘောင်လောကအတွက် အတူတကွမျှဝေခံစားသည့် အနာဂတ်လူ့အဖွဲ့အစည်း တည်ဆောက်ခြင်း (Building a Community with a Shared Future for Mankind to Drive New Progress in the Global Governance of Human Rights) စသည့် လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိုဆွေးနွေးကြပါသည်။     မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌဦးစစ်မြိုင်မှ “Inclusive Development and Realization of South- South Human Rights” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေနှင့်အညီ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံမှ ပါဝင်ချုပ်ဆိုသင့်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်စာတမ်းများနှင့် စပ်လျဉ်း၍ ကော်မရှင်၏ အကြံပြုချက်များ စသည်တို့ကိုဆွေးနွေးခဲ့ပါသည်။

ပထမအကြိမ်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲနောက်ဆုံးနေ့တွင် ဘေဂျင်းကြေညာချက် (The Beijing Declaration) ကိုတစ်ညီတစ်ညွတ်တည်း သဘောတူဆန္ဒဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

Recent News