ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော စီးပွားရေး၊ လူ့အခွင့်အရေးနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း

  • News

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့မှ ၁၀ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့သော Workshop on Business, Human Rights and the Environment အလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်ဒေါက်တာဒေါ်သန်းနွဲ့ ဦးဆောင်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်၊ ကော်မရှင်ရုံးဝန်ထမ်းများ ဖြစ်ကြသော ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးသူရကျော် တို့ပါဝင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။

    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institute of Human Rights and Humanitarian Law (RWI) မှ ကြီးမှူးကျင်းပ ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး  အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာ နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ နှင့် အရှေ့တီမောနိုင်ငံ တို့မှ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် အချို့အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း(၂၂)ဦး တက်ရောက်ခဲ့ကြပါသည်။

    ယင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းများနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင် ဆောင်ရွက်ခြင်းတွင် အမျိုးသား လူ့အခွင့် အရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို လေ့လာခြင်းနှင့် အတွေ့အကြုံရှိသော ပညာရှင်များ၏ မတူကွဲပြားသော အမြင်များဖြင့် စီးပွားရေး လုပ်ငန်းများနှင့် လူ့အခွင့်အရေး ဆက်စပ်မှုများတွင် လူမှု အကျိုးစီးပွား တာဝန်ယူမှုကို ပိုမိုနားလည်နိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

    အလုပ်ရုံဆွေးနွေးပွဲတွင် အဓိက Resource Person အဖြစ် Mr.Radu Mares, Associate Professor (RWI) က ဆောင်ရွက်ပြီး ထိုင်းနိုင်ငံမှ ကော်မရှင်အဖွဲ့ဝင်ဖြစ်သူ Dr.Nirum Phitakwatchara က The Inter Linkages in Koh Kong case and the corporation with CSOs​ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ Deputy Secretary, Ms.Nural Hasanah Ahamed က Developing a National Action Plan on Business and Human Rights (Case Study) ကိုလည်းကောင်း၊ မလေးရှားနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်ဟောင်းဖြစ်သူ Ms.Jannie Lesimbang က The Inter Linkages and the Effect on Indigenous People စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပါသည်။

    အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်သူများက UN Guiding Principles on Business and Human Rights (UNGPs) နှင့်စပ်လျဉ်း၍ နိုင်ငံများတွင် အမျိုးသား စီမံကိန်း များချမှတ် အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ သဘောတူစာချုပ်များ၊ နိုင်ငံချင်းလွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူစာချုပ်များနှင့် လူ့အခွင့်အရေး၊ ရင်းနှီးမြှုပ်နှံမှုဥပဒေများနှင့် လူ့အခွင့်အရေး အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။