နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ သွားရောက်ပို့ချ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က)ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းသည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်း အမှတ်စဉ် (၂၅)သို့ တက်ရောက်လျက်ရှိသော သင်တန်းသားများအား ၂၀-၇-၂၀၂၆ ရက်နေ့၊ ၀၈း၀၀ နာရီမှ ၁၁း၅၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါ သည်။ ပို့ချရာတွင် လူ့အခွင့်အရေးအခြေခံအယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများထူထောင်မှု၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လုပ်ငန်းတာဝန်များနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စုစုပေါင်း သင်တန်းသား အရာရှိကြီး ၁၄၀ ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့် မေးခွန်းများ မေးမြန်းခဲ့ကြရာ ကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်