နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ သွားရောက်ပို့ချ (၈-၉-၂၀၂၃)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်မြောက် အခါသမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။    နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသော အဆင့်မြင့်အရာထမ်းသင်တန်း၊ အမှတ်စဉ် (၁) သို့ ၈-၉-၂၀၂၃ ရက်နေ့ ၀၈:၀၀ နာရီအချိန်မှ ၁: နာရီ အချိန်ထိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့က လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ် သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ‌ဒေါက်တာသန်းမြင့်က  လူ့အခွင့်အရေးအခြေခံ အယူအဆများအကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက နိုင်ငံတော်၏တာဝန်ဝတ္တရားနှင့် အများပြည်သူ၏တာဝန်ရှိမှုအကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ယန္တရားအကြောင်းနှင့် ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့်အရေးအခြေအနေများကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်အကြောင်းစသည့် ဘာသာရပ်များပို့ချခဲ့ပါသည်။ အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၁) ၌ သင်တန်းသားဦးရေ (၄၂) ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်း များကိုမေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင်ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့က ပြန်လည်ဖြေကြားခဲ့ကြပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News