နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ သွားရောက်ပို့ချ (၁၆-၉-၂၀၂၆)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက်လုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာနုနုရီ၊ ဒေါက်တာတင်ဌေးအိတို့သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်လျက်ရှိသော ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၈) သို့ ၁၆-၉-၂၀၂၆ ရက်နေ့ ၁၃း၀၀ နာရီမှ ၁၅း၅၅ နာရီအချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ် သင်ခန်းစာများကို ပို့ချခဲ့ကြပါသည်။ ထိုသို့ သွားရောက်ပို့ချရာတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာနုနုရီက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်ဌေးအိက လူ့အခွင့်အရေးအခြေခံအယူအဆများအကြောင်း စသည့် ဘာသာရပ်သင်ခန်းစာများအား သွားရောက်ပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား ၂၃ ဦး၊ သင်တန်းသူ ၅ ဦး၊ စုစုပေါင်း သင်တန်းသား ၂၈ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်