နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် သင်ခန်းစာသွားရောက်ပို့ချခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ကော်မရှင်ပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်မြောက် အခါသမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသော အဆင့်မြင့် အရာထမ်းသင်တန်းအမှတ်စဉ် (၂၁) သို့ ၂၂-၅-၂၀၂၃ ရက်နေ့ ၀၈:၀၀ နာရီအချိန်မှ ၁:၅၀ နာရီအချိန်ထိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာတင်မောင်မောင်သန်းတို့က လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ် သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင်ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေးအခြေခံအယူအဆများအကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းကိုလည်းကောင်း၊  ကော်မရှင်အဖွဲ့ဝင်ဒေါက်တာတင်မောင်မောင်သန်းက နိုင်ငံတော်၏တာဝန်ဝတ္တရားနှင့် အများပြည်သူ၏တာဝန်ရှိမှုအကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရားအကြောင်း နှင့် ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့်အရေးအခြေအနေများကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ်အကြောင်း စသည့် ဘာသာရပ်များ ပို့ချခဲ့ပါသည်။ အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ် (၂၁) သင်တန်းသားဦးရေ (၄၈) ဉီး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင်ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာတင်မောင်မောင်သန်းတို့က ပြန်လည်ဖြေကြားခဲ့ကြပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်


 

Recent News