မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ နေပြည်တော်အချုပ်ထောင်၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် နေပြည်တော်ကလေးပြုစုရေးဌာနတို့အား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည်
ကော်မရှင်ဥပဒေ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်၊ အကျဉ်းစခန်း၊
အချုပ်ခန်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများကို ကြည့်ရှုစစ်ဆေးလျက်ရှိရာ ၄-၁၁-၂၀၂၆
ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊
ဇမ္ဗူသီရိမြို့နယ်ရှိ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့်
နေပြည်တော်ကလေးပြုစုရေးဌာနသို့လည်းကောင်း၊ ၅-၁၁-၂၀၂၆ ရက်နေ့တွင် နေပြည်တော် အချုပ်ထောင်သို့လည်းကောင်း
ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးထွန်းထွန်းဝင်းတို့ ဦးဆောင်သည့်
ကြည့်ရှုစစ်ဆေးရေးအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာအား ကြည့်ရှုစစ်ဆေးစဉ် ဂေဟာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများ၏ အခြေခံကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် လူမှုရေးဝန်ဆောင်မှုအခြေအနေ၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေ ရရှိမှု၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်မှု၊ ဘိုးဘွားများမှ အသိပညာများ ပြန်လည်ဝေမျှပေးနိုင်မှုနှင့် ဝါသနာပါရာလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု၊ အိပ်ဆောင်များ၊ သန့်စင်ခန်းများ၊ စားဖိုဆောင်များအား ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု၊ ဂေဟာသို့ လာရောက်ရာတွင် အဆင်ပြေမှု ရှိ မရှိ အခြေအနေ၊ ပင်စင်စား အဘိုး၊ အဘွားများ ပင်စင်ထုတ်ယူမှုအခြေအနေနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပါ အခွင့်အရေးများ ရရှိခြင်း ရှိ မရှိတို့ကို မေးမြန်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဂေဟာ၌ လက်ခံစောင့်ရှောက်ထားသော အဘိုး၊ အဘွား စုစုပေါင်း (၄၉) ဦးအား နွေးထွေးပျူငှာစွာ အားပေးစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် နေပြည်တော်ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်ထားသော ကလေးသူငယ် (၃၈) ဦး၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ပုံမှန်ကျန်းမာရေးစစ်ဆေးပေးမှုနှင့် အသက်အရွယ်အလိုက် ထိုးနှံရမည့် ကာကွယ်ဆေးများ၊ အာဟာရကျွေးမွေးမှု၊ ကလေးသူငယ်များအား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးမှု၊ မူကြိုပညာရေးနှင့် အခြေခံပညာရေးအတွက် ဆောင်ရွက်ပေးနေမှုစသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အခွင့်အရေးများရရှိခြင်း ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် နေပြည်တော်အချုပ်ထောင်အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံး ရရှိရမည့် အခွင့်အရေးများဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ ရောဂါအခြေအနေအပေါ် မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေ လုံလောက်စွာ ရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုနှင့် ဧည့်တွေ့ဆောင်ရွက်ပေးနေမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိမှုနှင့် ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိခြင်း ရှိ မရှိ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်ပေးမှု၊ ယုံကြည်ရာကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ်နိုင်ခွင့်၊ စာမတတ်သူ အကျဉ်းသား/သူ၊ အချုပ်သား/သူများအတွက် အခြေခံ အရေး၊ အဖတ်၊ အတွက် ပညာသင်ကြားပေးနေမှု၊ အကျဉ်းသား၊ အချုပ်သားများအား အချုပ်ထောင် ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသား၊ အချုပ်သား အချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ/ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သီးခြား လွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/ အချုပ်သား (၂၀) ဦးကို တစ်ဦးချင်း လက်ခံတွေ့ဆုံ၍ မေးမြန်း မှတ်တမ်းတင်ခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အကျဉ်းသား/သူ၊ အချုပ်သား/သူများ၏ အိပ်ဆောင်များ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေ/ ချိုးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ/မရှိနှင့် ထောင်ဝင်စာ တွေ့ဆုံနေမှု အခြေအနေ၊ အကျဉ်းသား/သူ၊ အချုပ်သား/သူတို့ နေ့လယ်စာ သုံးဆောင်နေမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခင်စစ်ဆေးစဉ်က တွေ့ရှိချက်အပေါ် အကြံပြုချက်များကို ဆောင်ရွက် ပြီးစီးမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အချုပ်သားများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ဗဟုသုတ ရဖွယ် စာအုပ်စာပေ အုပ်ရေ (၅၀) အုပ်ကို ကော်မရှင်မှ ပေးအပ်လှူဒါန်းခဲ့ပါသည်။
၆။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း
စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက်
သက်ဆိုင်ရာသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်