နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ သွားရောက်ပို့ချ ရန်ကုန်၊ အောက်တိုဘာလ ၂၃ ရက်

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းတို့သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဥ (၁၂) သို့ ၂၃-၁၀-၂၀၂၅ ရက်နေ့ ၀၉း၀၀ နာရီမှ ၁၅း၅၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ် သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့် က လူ့အခွင့်အရေးအခြေခံအယူအဆများအကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း တို့ကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက နိုင်ငံတော်နှင့်ပြည်သူ့တာဝန်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရားနှင့် ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့်အရေးအခြေအနေများကို ပုံမှန် သုံးသပ်သည့် လုပ်ငန်းစဉ် စသည့် ဘာသာရပ်များကိုလည်းကောင်း သင်ခန်းစာသွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား ၁၇ ဦး၊ သင်တန်းသူ ၆ ဦး၊  စုစုပေါင်း သင်တန်းသားအရာရှိ ၂၃ ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့် မေးခွန်းများ မေးမြန်းခဲ့ကြရာ ကော်မရှင်အဖွဲ့ဝင်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News