နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ သွားရောက်ပို့ချ (29-10-2026)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာတင်ဌေးအိနှင့် ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းတို့သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသော ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၃) သို့ ၂၉-၁၀-၂၀၂၆ ရက်နေ့ ၀၉း၀၀ နာရီမှ ၁၁း၅၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ် သင်ခန်းစာများကို ပို့ချခဲ့ကြပါသည်။ ထိုသို့ သွားရောက်ပို့ချရာတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ တင်ဌေးအိက လူ့အခွင့်အရေးအခြေခံအယူအဆများအကြောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းစသည့် သင်ခန်းစာများအား သွားရောက်ပို့ချခဲ့ပါသည်။ သင်တန်းချိန်အတွင်း အဖွဲ့လိုက်လှုပ်ရှားမှုအနေဖြင့် သင်တန်းသားများကို အဖွဲ့ (၄) ဖွဲ့ ခွဲ၍ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါအပိုဒ်တစ်ပိုဒ်ချင်းစီ၏ အဓိပ္ပါယ်၊ ချိုးဖောက် မှုပုံစံဥပမာများ၊ ခြွင်းချက်နှင့် တည်ဆဲဥပဒေများ စသည့်အချက်များကို အဖွဲ့လိုက်ဆွေးနွေးတင်ပြစေခဲ့ပါသည်။  သင်တန်းတွင် သင်တန်းသား ၁၉ ဦး၊ သင်တန်းသူ ၇ ဦး၊ စုစုပေါင်း သင်တန်းသား ၂၆ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများ မေးမြန်းခဲ့ကြရာ ကော်မရှင် အဖွဲ့ဝင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်