နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးဌာနများတွင် လူ့အခွင့်အရေး ဆိုင်ရာ အသိပညာ ပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြနှင့် အဖွဲ့ဝင်ဦးခင်မောင်လေး တို့ပါဝင်သောအဖွဲ့သည် ၇−၉−၂၀၁၅ ရက်နေ့မှ ၁၀−၉−၂၀၁၅ ရက်နေ့အထိ နေပြည်တော်ရှိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနှင့် ဝန်ကြီးဌာန (၇)ခုသို့ သွားရောက်၍ လူ့အခွင့်အရေးဆိုင်ရာ အသိ ပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်−

    (၁) ၇−၉−၂၀၁၅ နေ့ − ပြည်ထောင်စုရာထူးဝန်အဖွဲ့ နှင့် ပြည်ထဲရေးဝန်ကြီးဌာန

    (၂) ၈−၉−၂၀၁၅ နေ့ − နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ပြန်ကြားရေးဝန်ကြီးဌာန

    (၃) ၉−၉−၂၀၁၅ နေ့ − စွမ်းအင်ဝန်ကြီးဌာန နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

    (၄) ၁၀−၉−၂၀၁၅ နေ့ – ပို့ဆောင်ရေးဝန်ကြီးဌာန

    ဆွေးနွေးဟောပြောပွဲများတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြ က လူ့အခွင့်အရေး၏ အနှစ်သာရများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များ၊ အဖွဲ့ဝင် ဦးခင်မောင်လေးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ စသည့် အကြောင်းအရာများကို ဆွေးနွေး ဟောပြောခဲ့ပါသည်။ အဆိုပါ ဆွေးနွေးဟောပြောပွဲများသို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာန အသီးသီး မှ အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများစသည့် အဆင့်မြင့် အရာရှိကြီးများ အပါအဝင် အရာထမ်းအမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေး ဟောပြော ပွဲများအပြီး တွင် တက်ရောက်လာကြသော အဆင့်မြင့်အရာရှိ ကြီးများ၊ အရာထမ်းအမှုထမ်းများ က သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

    ယင်းကဲ့သို့သော လူ့အခွင့်အရေးဆိုင်ရာ အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများကို ကျန်ရှိနေသေးသော ပြည်ထောင်စု အဆင့်အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများတွင်လည်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပါသည်။

Recent News