ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ခရိုင်အတွင်းရှိ အစိုးရအရာထမ်းများအတွက်လူ့အခွင့် အရေး အလုပ်ရုံသင်တန်း၊ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေး ကော်မတီဝင်များအတွက် ကလေးသူငယ်အခွင့်အရေး အလုပ်ရုံသင်တန်းနှင့် ရပ်ရွာအခြေပြုလူ့အခွင့်အရေးအလုပ်ရုံဆွေး နွေးပွဲ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကော်မရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ခရိုင်အဆင့် အစိုးရအရာထမ်းများအတွက်   လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို တောင်ငူမြို့နယ်၊  ခပေါင်းခန်းမတွင် ၂ ရက်ကြာ ကျင်းပြုလုပ်ခဲ့ရာ အဆိုပါ အလုပ်ရုံသင်တန်းသို့ ခရိုင်အဆင့် အစိုးရအရာထမ်း ၅၀ ဦးတက်ရောက်ခဲ့ပါသည်။

   အလားတူ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ခရိုင်အဆင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကော်မတီဝင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ကို ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်အဆင့်ကလေးသူငယ်ကော်မတီဝင် ၂၄ ဦး တက်ရောက်ခဲ့ကြပါသည်။

    ဆက်လက်ပြီး၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ရပ်ရွာအခြေပြု လူ့အခွင့်အရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပခဲ့ပြီး အစိုးရအရာထမ်းများ၊ NGO များ၊ CSO များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ သင်တန်းသား ၅၅ ဦးတက်ရောက်ခဲ့ကြပါသည်။

    သင်တန်းများတွင် လူ့အခွင့်အရေး အခြေခံသဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် နိုင်ငံတော်မှ ပါဝင်ချုပ်ဆိုထားပြီးဖြစ်သော လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကြီးများ၊ လူ့အခွင့်အရေးကော်မရှင်အကြောင်းနှင့် တိုင်တန်းနိုင်သည့် ယန္တရားများ စသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပါသည်။

    ဆက်လက်၍ ၂၀၁၈ ခုနှစ်အတွင်းတွင် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးအသိပညာ ပေးရေးလုပ်ငန်းစဉ်အရ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း၊  ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းနှင့် ရပ်ရွာအခြေပြုလူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

Recent News