မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းဆိုင်ရာများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လာရောက်ရှင်းလင်းပြသခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်
(MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့်
လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းဆိုင်ရာများကို ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်က ၂၂-၇-၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင်
ကော်မရှင်ရုံး Conference Room ၌ လာရောက်ရှင်းလင်းရာ ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ
ဦးပေါ်လွင်စိန်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
ပါ နိုင်ငံတော်အခြေခံမူများတွင် နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော
ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ဖော်ပြထားကြောင်း၊ လွတ်လပ်၍တရားမျှတသော
ရွေးကောက်ပွဲများ ပြုလုပ်ပေးခြင်းသည် အလွန်အရေးကြီးသော ဂုဏ်အင်္ဂါဖြစ်ပါကြောင်း၊
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၂၁)တွင် လူတိုင်းတန်းတူညီမျှ
ဆန္ဒမဲပေးနိုင်ခွင့်ကို ထုတ်ပြန် ကြေညာထားသကဲသို့
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၉ တွင်လည်း နိုင်ငံသားများကို
ရွေးကောက်တင်မြှောက်ခွင့်၊ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်တို့ ပေးအပ်ထားကြောင်း၊
မကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ
ကျင်းပနိုင်ရန် နိုင်ငံသားတိုင်း ဝိုင်းဝန်းကြိုးပမ်းအားထုတ်သင့်ပါကြောင်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းပြောကြားပေးခြင်းနှင့်
မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း လက်တွေ့သရုပ်ပြမှုများသည်
ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အသိပညာပေးနိုင်ခြင်း ဖြစ်သကဲ့သို့
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဆောင်ရွက်ရမည့် ရွေးကောက်ပွဲ ကျင်းပခြင်းနှင့်
သက်ဆိုင်သော လူ့အခွင့်အရေးကဏ္ဍများအတွက် များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း
ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်
ဦးအောင်စောဝင်းက နိုင်ငံတော်၏ ရွေးကောက်ပွဲများဆောင်ရွက်ခဲ့မှုနှင့် ကျင်းပမည့်
ရွေးကောက်ပွဲအတွက် သိမှတ်ဖွယ်ရာများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း
အစီအစဉ်ဆောင် ရွက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး
ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊
ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးစောထက်လင်းဦးက မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM)
အကြောင်းရှင်းလင်းပြောကြားကာ မဲပေးခြင်းပုံစံ အဆင့်ဆင့်အား လက်တွေ့သရုပ်ပြရှင်းလင်းပြောကြားပါသည်။
ထို့နောက်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများအား လက်တွေ့ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများ
ဆောင်ရွက်ခဲ့ပြီး သရုပ်ပြ ရှင်းလင်းပွဲကို
(၁၂း၁၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊
ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး ဝန်ထမ်း (၈၃) ဦးတက်ရောက်ခဲ့ပါ သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

