ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာတွင် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် နေ့ ဖြစ်ပွားခဲ့သောပဋိပက္ခနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် က သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။    ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာတွင် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် နေ့ ဖြစ်ပွားခဲ့သောပဋိပက္ခနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် က သွားရောက်ကြည့်ရှုပြီး ကျေးရွာသူ၊ ကျေးရွာသားများအပါအဝင် သက်ဆိုင်သူများနှင့် တွေ့ဆုံ၍ စုံစမ်းမေးမြန်းခဲ့ပါသည်။

၂။    အဆိုပါဖြစ်စဉ်မှာ ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသည့် အဆောက်အဦနှင့် ပတ်သက်၍ လူမှုကွန်ယက်တစ်ခုဖြစ်သော facebook ​တွင် တင်ခြင်းအပေါ် မကျေမနပ်ဖြစ်မှုကို အခြေခံကာ ကျေးရွာသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ စတင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

၃။    အခင်းဖြစ်ပွားသည့်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရဲတပ်ဖွဲ့ဝင်များ သူရဲသမိန်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာလုံခြုံရေးကို ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

၄။     ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် အဖွဲ့ဝင် ၁၀ ဦးပါသော ကျေးရွာတည်ငြိမ်မှု ထိန်းသိမ်းရေးပူးပေါင်းအဖွဲ့ ဖွဲ့စည်းထားကြောင်းနှင့် ၎င်းအဖွဲ့သည် သူရဲသမိန်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာသူ၊ ကျေးရွာသားများအား မူလအခြေအနေအတိုင်း အေးချမ်းစွာနေထိုင်ရေး၊ အစဉ်သင့်မြတ်စွာရှိရေး၊ လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆောင်ရွက်ပေးရေးတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၅။    အခင်းဖြစ်ပွားသည့်နေရာ၌ လက်ရှိအခြေအနေတွင် တည်ငြိမ်အေးချမ်းနေပြီဖြစ်၍ ကျေးရွာသားချင်း တစ်ဦးနှင့်တစ်ဦးချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုပျက်ပြားစေပြီး အထင်အမြင်လွဲမှား စေသည့် အမုန်းစကားများကို Facebook အပါအဝင် နည်းမျိုးစုံဖြင့် ပြောဆိုမှုများအား ရှောင်ကြဉ်သင့်ကြောင်းနှင့် အစဉ်အဆက်နေထိုင်လာခဲ့သည့် ကျေးရွာသားများ မိမိနေရာတွင် လုံခြုံအေးချမ်းစွာ အစဉ်သဖြင့်နေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးအတွက် အစီအမံများချမှတ် ဆောင်ရွက်ပေးသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က အကြံပြု တိုက်တွန်းခဲ့ပါသည်။

Recent News