MNHRC အား SEANF အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ရန် အရည်အချင်း ပြည့်မီမှု မရှိကြောင်း ကြေညာခြင်းအပေါ် MNHRC ၏ သဘောထားထုတ်ပြန်ချက်
၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) သည် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် Southeast
Asia National Human Rights Institutions (SEANF) တွင် အဖွဲ့ဝင်အဖြစ် ၂၀၁၂ ခုနှစ်က စတင်ပါဝင်ခဲ့ပါသည်။ SEANF
တွင် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊
မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံနှင့်
မြန်မာနိုင်ငံတို့မှ အမျိုးသား လူ့အခွင့်အရေး
အဖွဲ့အစည်းများက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အဖွဲ့ဝင်များလိုက်နာရမည့်
လုပ်ထုံးလုပ်နည်း စည်းမျဉ်းများ( Rules of Procedure, RoP) ရေးဆွဲပြဋ္ဌာန်း၍
ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့်
SEANF တွင် အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့ချိန်မှစပြီး
ယနေ့အချိန်အထိ SEANF ၏ လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့်
နှစ်ပတ်လည် အစည်းအဝေးများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး
၂၀၁၆ ခုနှစ်တွင် SEANF ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ
ဆောင်ရွက်ခဲ့ပါသည်။
၂။ SEANF၏ ၂၀၂၆ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည့် မလေးရှား နိုင်ငံ
လူ့အခွင့်အရေးကော်မရှင်မှ မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့် အရေးကော်မရှင်၏ SEANF အဖွဲ့ဝင်ဖြစ်မှုအပေါ် တရားဝင်ပြန်လည်သုံးသပ်မှုပြုလုပ်သွားမည့်
အဆိုပြုချက်နှင့် အက္ခရာစဉ်အလိုက် အလှည့်ကျစနစ်အရ ၂၀၂၇ ခုနှစ်အတွက် SEANF ဥက္ကဋ္ဌ တာဝန်ကို
ကော်မရှင်မှ တာဝန်ယူဆောင်ရွက်ရန် အစီအစဉ်အား ပြန်လည်သုံးသပ် စဉ်းစားသွားမည် ဖြစ်ကြောင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့တွင်
အကြောင်းကြားစာ ပေးပို့လာ ပါသည်။ အဆိုပါ အကြောင်းကြားစာနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား
ပြန်လည်သုံးသပ်မှုပြုလုပ်ရန် SEANF ၏
အဆိုပြုချက်သည် SEANF၏ လုပ်ထုံးလုပ်နည်းစည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက်
လက်မခံနိုင်ကြောင်းနှင့် သုံးသပ်မှုခံယူသွားမည် မဟုတ်ကြောင်း SEANF ၏ ၂၀၂၆ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌအပါအဝင်
SEANF အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ အားလုံးသို့ ၂၀၂၆ ခုနှစ်
စက်တင်ဘာလ ၂၄ ရက် နေ့တွင် ပြန်ကြားစာပေးပို့ခဲ့ပါသည်။
၃။ ကော်မရှင်အနေဖြင့် SEANF အဖွဲ့ဝင်
အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ အားလုံးသို့ ရှင်းလင်းစွာ တုံ့ပြန်ခဲ့ပြီး
ဖြစ်သော်လည်း မလေးရှားနိုင်ငံလူ့အခွင့်အရေး ကော်မရှင်သည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၅
ရက်နေ့တွင် “SEANF commences formal review of MNHRC's continued
eligibility for membership” ဟူသော မီဒီယာ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါသည်။
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်သည် သုံးသပ်မှုပြုလုပ်မည့်လုပ်ငန်းစဉ် အပေါ် ကော်မရှင်၏ သဘောထား ရပ်တည်ချက်ကို
ကော်မရှင် website တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။
၄။ ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် အချို့သော နိုင်ငံတကာ
လူ့အခွင့် အရေး အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းများသည် နိုင်ငံရေးအရ
ဦးတည် ဆောင်ရွက်မှုအဖြစ် ကော်မရှင်အား နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများ၊
ဒေသဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ကို
တားဆီးသွားရန် ဦးတည်ဆောင်ရွက်သည့်အနေဖြင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၌
ကော်မရှင်အား အဖွဲ့ဝင် အဖြစ် ပါဝင်စေခြင်းမှ ဖယ်ရှားရန်
သက်ဆိုင်ရာ အဖွဲ့အစည်းများအား စဉ်ဆက်မပြတ် ဖိအားပေး တောင်းဆိုမှုများကို ဆောင်ရွက်လျက်ရှိရာ SEANF အနေဖြင့် ဖိအားပေး
တောင်းဆိုမှုများအတိုင်း ကော်မရှင်၏
SEANFအဖွဲ့ဝင်ဖြစ်မှုနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်မှု ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လာခြင်း
ဖြစ်သည်ဟု ယူဆပါသည်။ SEANFအဖွဲ့ဝင်ဖြစ်မှုနှင့် စပ်လျဉ်း၍
ပြန်လည်သုံးသပ်မှုပြုလုပ်ရန် SEANF၏လုပ်ထုံးလုပ်နည်းစည်းမျဉ်းများတွင် ပြဋ္ဌာန်းထားခြင်းမရှိသလို
ဆောင်ရွက်ခဲ့ဖူးသည့် အစဉ်အလာလည်းမရှိပါ။
၅။ SEANF၏ ၂၀၂၆ ခုနှစ် အလှည့်ကျ
ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည့် မလေးရှား နိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ၂၀၂၆
ခုနှစ် အောက်တို့ဘာလ (၁) ရက်နေ့တွင် ပြုလုပ်ခဲ့ သည့်
MNHRC မပါဝင်သော SEANF ကြီးကြပ်အုပ်ချုပ်ရေး ဘုတ်အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အား
SEANF
၏ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၁ အရ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ
ဖွဲ့စည်း တည်ထောင်ခြင်းဆိုင်ရာ ပါရီအခြေခံမူများနှင့် ကိုက်ညီမှုမရှိသည့်အတွက် SEANF
အဖွဲ့ဝင် အဖြစ် ဆက်လက် ပါဝင်ရန်
အရည်အချင်း ပြည့်မီမှု မရှိကြောင်း၊ ၂၀၂၇ ခုနှစ် အတွက် SEANF ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို
ရယူဆောင်ရွက်ခွင့်မရှိကြောင်းနှင့် SEANF ၏ (၂၃) ကြိမ်မြောက်
နှစ်ပတ်လည်အစည်းအဝေးနှင့် SEANF က ကျင်းပသော အခြားအစည်းအဝေးများသို့
ကော်မရှင်အနေဖြင့် ပါဝင်တက်ရောက်ခွင့်မရှိကြောင်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ
(၁၆) ရက်နေ့တွင်
အကြောင်းကြားလာခဲ့ပါသည်။
၆။ ကော်မရှင်အနေဖြင့်
SEANF ၏ လုပ်ထုံးလုပ်နည်းစည်းမျဉ်းများ အပိုဒ် ၁ ပြင်ဆင်မှုကို ၂၀၂၆ ခုနှစ်တွင် ပါဝင်သဘောတူခဲ့ပါသည်။
အပိုဒ် ၁ သည် အမျိုးသား လူ့အခွင့်အရေး အဖွဲ့ အစည်း၏
အဓိပ္ပာယ်ဖွင့်ဆိုချက်သာဖြစ်ပြီး အဖွဲ့ဝင်ဖြစ်မှုအပေါ်တွင် သက်ရောက်မှု မရှိသော
ဖွင့်ဆိုချက်ဖြစ်ပါသည်။
၇။ SEANF ၏ လက်ရှိလုပ်ထုံးလုပ်နည်း
စည်းမျဉ်းများအရ SEANF ကြီးကြပ်အုပ်ချုပ်ရေး ဘုတ်အဖွဲ့ကို SEANFအဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း
တစ်ခုချင်းစီ၏ ဥက္ကဋ္ဌများဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ဆုံးဖြတ်ချက်များကို consensus ဖြင့်
ချမှတ်ရမည်ဟု သတ်မှတ်ထားပါသည်။ ထို့ကြောင့် SEANF၏ အဖွဲ့ဝင်ဖြစ်မှု၊ အဖွဲ့ဝင်၏အခွင့်အရေးများနှင့်
Chairpersonship ကဲ့သို့သော အဖွဲ့ဝင်နှင့်
တိုက်ရိုက်သက်ဆိုင်သည့် အရေးကြီးကိစ္စရပ် များကို သက်ဆိုင်ရာအဖွဲ့ဝင်ကိုယ်တိုင် SEANF
ကြီးကြပ်အုပ်ချုပ်ရေးဘုတ်အဖွဲ့ လုပ်ငန်းစဉ် တွင် ပါဝင်ခွင့်မရှိဘဲ ဆုံးဖြတ်ဆောင်ရွက်ခြင်းသည် RoP ၏ သဘောသဘာဝနှင့်
လုပ်ထုံးလုပ်နည်းဆိုင်ရာ မျှတမှု၊ procedural fairness၊ equality
of treatment၊ non-discrimination နှင့် meaningful
participation တို့၏ အခြေခံမူများနှင့် စပ်လျဉ်း၍ အလေးအနက် မေးခွန်းထုတ်စရာ
ဖြစ်စေပါသည်။
၈။ ၂၀၂၆ ခုနှစ်
အောက်တိုဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော SEANFအုပ်ချုပ်ရေး ဘုတ်အဖွဲ့အစည်းအဝေးတွင်
MNHRC နှင့် တိုက်ရိုက်သက်ဆိုင်သည့် ကိစ္စရပ်ကို MNHRC ကိုယ်တိုင်
ပါဝင်ခြင်းမရှိဘဲ SEANFကြီးကြပ်အုပ်ချုပ်ရေးဘုတ်အဖွဲ့ (Governing Board) အစည်းအဝေးက
ဆုံးဖြတ်ကြေညာခြင်းကို ကော်မရှင်အနေဖြင့် ပြင်းထန်စွာကန့်ကွက် ပါသည်။
၉။ SEANF၏
လုပ်ထုံးလုပ်နည်းစည်းမျဉ်းများ အပိုဒ် ၂၄ တွင် အဖွဲ့ဝင်များအကြား လုပ်ထုံး လုပ်နည်းစည်းမျဉ်းများ
၏ အဓိပ္ပာယ်ဖွင့်ဆိုမှု၊ အသုံးချမှု သို့မဟုတ် လိုက်နာမှုနှင့် စပ်လျဉ်း သည့်
အငြင်းပွားမှုများကို consultation သို့မဟုတ် negotiation
ဖြင့် ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းရမည်ဟု သတ်မှတ်ထားပါသည်။
ထို့ကြောင့် အဖွဲ့ဝင်တစ်ဖွဲ့၏ အဖွဲ့ဝင်ဖြစ်မှုကို ထိခိုက်စေမည့်
အရေးကြီးဆုံးဖြတ်ချက်ကို အဆိုပါအဖွဲ့ဝင်၏ ပါဝင်မှုမရှိဘဲ တစ်ဖက်သတ်
ဆုံးဖြတ်ကြေညာခြင်းသည် ပုဒ်မ ၂၄ တွင် ဖော်ပြထားသည့် အခြေခံမူနှင့်လည်း ကိုက်ညီမှုမရှိ
ကြောင်း တွေ့ရှိရပါသည်။
၁၀။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့်
၂၀၂၆ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကော်မရှင် ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ခဲ့သည့်
သဘောထား ထုတ်ပြန်ချက်၌ SEANF မှ ဆောင်ရွက်မည့် အဖွဲ့ဝင်အဖြစ်ပြန်လည်သုံးသပ်မည်ကို
လက်ခံခြင်း မရှိကြောင်းနှင့် အဆိုပါ သုံးသပ်မှုလုပ်ငန်းစဉ်နှင့် ယင်းမှ
ဖြစ်ပေါ်လာမည့် လုပ်ငန်းစဉ်များတွင် ပါဝင်
ပတ်သက်မှုမရှိကြောင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြထားပြီးဖြစ်ပါသည်။
၁၁။ SEANF အနေဖြင့် အဖွဲ့ဝင် လူ့အခွင့်အရေး အဖွဲ့အစည်း များအကြား တန်းတူညီမျှမှု၊ ခွဲခြားဆက်ဆံမှုမရှိရေးနှင့်
လုပ်ထုံးလုပ်နည်းဆိုင်ရာ မျှတမှု တို့ကို အလေးထား၍ SEANF၏ ဆုံးဖြတ်
ဆောင်ရွက်ချက်များကို လုပ်ထုံးလုပ်နည်း စည်းမျဉ်းများနှင့်အညီ ဆောင်ရွက် သင့်ပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် အရှေ့တောင်အာရှ
အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများSEANFတွင် အဖွဲ့ဝင်အဖြစ် ရပ်တည်မှု၊ အဖွဲ့ဝင်
အခွင့်အရေးများနှင့် ၂၀၂၇ ခုနှစ် Chairpersonship နှင့်စပ်လျဉ်း၍
MNHRC ကိုယ်တိုင်ပါဝင်ခွင့် မရှိဘဲ ဆောင်ရွက်သည့်
အဆိုပါလုပ်ငန်းစဉ်နှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်အပေါ် အလေးအနက် ကန့်ကွက်ပါသည်။
၁၂။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် SEANF အဖွဲ့ဝင်အဖြစ်
ဆက်လက်ပါဝင်ရန် အရည်အချင်းပြည့်မီမှုမရှိဟု ဆုံးဖြတ်ခံရသော်လည်း နိုင်ငံတော်နှင့်
ပြည်သူလူထု၏ အကျိုးစီးပွားကို ထိခိုက်မှုမရှိစေနိုင်သော လူ့အခွင့်အရေးဆိုင်ရာ
ကိစ္စရပ်များကို မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် နှစ်နိုင်ငံချင်းဖြစ်စေ၊
အဖွဲ့အစည်း နှစ်ရပ်အကြားဖြစ်စေ ဆက်သွယ် ပူးပေါင်း ဆောင်ရွက်မှုများကို
ဆက်လက်ဆောင်ရွက်ခြင်း၊ မိမိတို့ အဖွဲ့အစည်း၏ လွတ်လပ်မှု၊ ထိရောက်မှု၊
တာဝန်ခံမှုနှင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ
လုပ်ငန်းစွမ်းဆောင်ရည်များ ခိုင်မာအားကောင်းလာစေရေးအတွက် ဆောင်ရွက်ခြင်း၊ နိုင်ငံအတွင်း
ပြည်သူများ၏ လူ့အခွင့်အရေးများ မြှင့်တင်ခြင်းနှင့် ကာကွယ် စောင့်ရှောက်ခြင်းတို့ကို
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ
အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်