ပဲခူးအချုပ်ထောင်နှင့် ပဲခူးမြို့ပေါ်ရှိ ရဲစခန်းများနှင့် တရားရုံးအချုပ်ခန်းများ ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၆-၁၁-၂၀၂၁ ရက်နေ့တွင် ပဲခူးအချုပ်ထောင်၊ ပဲခူးမြို့ပေါ်ရှိ ပဲခူးမြို့မရဲစခန်း၊ အမှတ်(၂/၃) နယ်မြေရဲစခန်းအချုပ်ခန်းများနှင့် ပဲခူးခရိုင်/မြို့နယ် တရားရုံးအချုပ်ခန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံး  ရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိမရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိမရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိခြင်း ရှိ မရှိနှင့် အချုပ်ထောင်နှင့် အချုပ်ခန်းများအတွင်း ညှဉ်းပန်း နှိပ်စက်မှု ရှိမရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။

၃။       ပဲခူးအချုပ်ထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ်အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ Quarantine ထားရှိသည့် အဆောင်၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိတို့ကိုလည်းကောင်း၊ လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၄။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်များအတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည် ဖြစ်ပါသည်။

                                                                                                                                             မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်