ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးကို လေးစားလိုက်နာ ကျင့်သုံးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၅ ခုနှစ်အတွင်း နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် လူ့အခွင့်အရေးကြောင်းသိကောင်းစရာ ဆွေးနွေးပွဲများကို ကျင်းပခဲ့ပြီးဖြစ်ပါသည်။

    ယခု ၂၀၁၇ ခုနှစ်အတွင်းတွင်လည်း ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ အသီးသီးရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် လူ့အခွင့်အရေးကို ပိုမိုသိရှိနားလည်လာပြီး လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များအပေါ် လေးစားမှုကို ပိုမိုခိုင်မာလာစေရန်နှင့် လောကပါလတရားနှင့် ဗြဟ္မာစိုရ်တရား ထွန်းကားပြီး လူ့အခွင့်အရေးစံနှုန်းများ မြင့်မားသော လူ့ဘောင်ပေါ်ထွန်းလာရန်အတွက် နိုင်ငံသားတိုင်း လူ့အခွင့်အရေးများ လေးစားလိုက်နာ ကျင့်သုံးတတ်စေရန်တို့ကိုရည်ရွယ်၍ လူ့အခွင့်အရေးကြောင်းသိကောင်းစရာများကို ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ ၁၂-၆-၂၀၁၇ ရက်နေ့တွင် ကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့က ဝန်ကြီးဌာနနှင့် ကော်မရှင်  ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနတွင်လည်းကောင်း၊ ၁၃-၆-၂၀၁၇ ရက်နေ့တွင် ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ကော်မရှင်  ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ဟောပြောဆွေးနွေးပွဲများတွင် လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းသိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပါသည်။

    ကော်မရှင်အနေဖြင့် ၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် ဟောပြောဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Recent News