ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်
Democracy
Reporting International (DRI) အဖွဲ့အစည်းတို့ပူးပေါင်း၍
“ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်နှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲ” ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉
ရက်နေ့က နေပြည်တော်ရှိ Horizon Lake View Resort Hotel တွင်
ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့မှ အဆင့်မြင့်အရာရှိများ၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများမှ
အဆင့်မြင့်အရာရှိများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ
နှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဝန်ထမ်းများ၊ Democracy Reporting
International (DRI) မှ ဌာနေကိုယ်စားလှယ်နှင့် ဝန်ထမ်းများစသည်ဖြင့်
စုစုပေါင်း (၃၂) ဦး တက်ရောက်ကြသည်။
ဆွေးနွေးပွဲ၌
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင်
မြန်မာနိုင်ငံက လက်ခံထားသော UPR အကြံပြုတိုက်တွန်းချက်များတွင်
ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာအပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်
(International Covenant on Civil and Political Rights – ICCPR) ကို စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ရေးလည်းပါရှိကြောင်း၊ ICCPR တွင် ပါဝင်ခြင်းဖြင့် ဒီမိုကရေစီလူ့အဖွဲ့အစည်း ထူထောင်ရာတွင် အထောက်အကူဖြစ်စေမည့်အပြင် နိုင်ငံတကာယုံကြည်မှုနှင့် အသိအမှတ်ပြုမှုကိုလည်း
ရရှိစေမည်ဖြစ်ကြောင်း၊ ICCPR နှင့် ပတ်သက်၍
ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်အတွက် ကော်မရှင်က အလုပ်ရုံဆွေးနွေးပွဲများလည်း
ကျင်းပခဲ့ကြောင်း၊ ICCPR ကို မြန်မာဘာသာသို့
ပြန်ဆိုဖြန့်ချိမှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ ICCPR တွင် ပါဝင်ချုပ်ဆိုရေးအတွက် ကော်မရှင်က
နိုင်ငံတော်သမ္မတရုံးသို့ အကြံပြုတင်ပြခဲ့ကြောင်း၊ ယနေ့ဆွေးနွေးပွဲကို ICCPR
နှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်စေရန် ကျင်းပခြင်းဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့်
ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ်၍ တက်ကြွစွာပါဝင်ဆွေးနွေးကြပါရန်
မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
ထို့နောက်
ဆွေးနွေးပွဲအစီအစဉ်အရ ဘာသာရပ်ကျွမ်းကျင်သူ Prof. Vitit Muntarbhorn နှင့်
ကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့က ICCPR နှင့်
ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး ဆွေးနွေးပွဲတက်ရောက်ကြသည့် ကိုယ်စားလှယ်များက ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည်။
