မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် လူ့အခွင့်အရေးအကြောင်း ရှင်းလင်း ဆွေးနွေးခြင်းများ ကျင်းပ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်၊ အဖွဲ့ဝင် ဦးခင်မောင်လေး နှင့် အဖွဲ့ဝင် ဦးခွထီးယိုးတို့သည်-

၂၄-၂-၂၀၁၄ ရက်နေ့ နံနက် ၀၈:၃၀ နာရီမှ ၁၁:၃၀ နာရီထိ မကွေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လူထုပရိတ်သတ် (၂၆၀) ဦးခန့်ကို လည်းကောင်း၊ နေ့လည် ၁၄:၀၀ နာရီမှ ၁၆:၃၀ နာရီထိ နတ်မောက်မြို့၊ ပြည်သူ့ခန်းမ၌ လူထု ပရိတ်သတ် (၆၀၀) ဦးခန့်ကိုလည်းကောင်း၊

၂၅-၂-၂၀၁၄ ရက်နေ့ ၀၉:၃၀ နာရီမှ ၁၂:၃၀ နာရီထိ ချောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်တွင် လူထုပရိတ်သတ် (၃၀၀) ဦးခန့်ကို လည်းကောင်း၊

၂၆-၂-၂၀၁၄ ရက်နေ့ ၀၈:၃၀ နာရီမှ ၁၁:၃၀ နာရီထိ ပခုက္ကူမြို့၊ ပြည်သာယာ ခန်းမ တွင် လူထုပရိတ်သတ်(၂၅၀)ဦးခန့်ကိုလည်းကောင်း၊ နေ့လည် ၁၅:၀၀နာရီမှ ၁၇:၃၀နာရီ အထိ မုံရွာမြို့၊ မြို့တော်ခန်းမတွင် လူထုပရိတ်သတ် (၃၄၀)ဦးခန့်ကိုလည်းကောင်း၊

၂၇-၂-၂၀၁၄ ရက်နေ့ ၁၂:၀၀နာရီမှ ၁၄:၅၀နာရီထိ ရွှေဘိုမြို့၊ ရန်ကြီးအောင်ခန်းမ တွင် လူထုပရိတ်သတ် (၂၉၀)ဦးခန့်နှင့်

၂၈-၂-၂၀၁၄ ရက်နေ့ ၁၂:၀၀နာရီမှ ၁၅:၃၀နာရီထိ စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် လူထုပရိတ်သတ် (၃၀၀)ဦးခန့်တို့ကို လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများကို ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ ရှင်းလင်းရာတွင် ဦးစစ်မြိုင်မှ လူ့အခွင့်အရေးဆိုင်ရာ အခြေခံအနှစ် သာရများအား (၂၀၀၈)ခုနှစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လူ့အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်များနှင့် နှိုင်းယှဉ်၍ လည်းကောင်း၊

           အဖွဲ့ဝင် ဦးခင်မောင်လေးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ ပြဌာန်းချက် များနှင့် လူ့အခွင့်အရေးမြှင့်တင်ရေးအကြောင်းကို လည်းကောင်း၊   အဖွဲ့ဝင်ဦးခွထီးယိုးမှ အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ၏ သဘောသဘာဝ၊ ပါရီအခြေခံပုံများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်း ခြင်းနှင့် လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်း​ ဆွေးနွေးကြပါသည်။

          အဆိုပါ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲများတွင် သက်ဆိုင်ရာ မြို့နယ်ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အကျိုးပြု ကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖများ စုံလင်စွာ တက်ရောက် ကြပါသည်။

Recent News