မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးသင်တန်း၊ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေး ကော်မတီဝင်များအတွက် ကလေးသူငယ်အခွင့်အရေး သင်တန်းနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ဝင်များအတွက် လူ့အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲ

  • News

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကော်မရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ခရိုင်အဆင့် အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ပခုက္ကူမြို့နယ်၊ ပြည်သာယာခန်းမတွင် ၂ရက်ကြာ ကျင်းပြုလုပ်ခဲ့ရာ အဆိုပါ အလုပ်ရုံသင်တန်းသို့ ခရိုင်အဆင့် အစိုးရအရာထမ်း ၄၇ ဦး တက်ရောက်ခဲ့ပါသည်။

အလားတူ ဇွန်လ၂၇ ရက်နေ့တွင် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ကျင်းပ ပြုလုပ်ခဲ့ပြီး ခရိုင်၊ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ၂၆ ဦး တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ပြီး ဇွန်လ၂၈ ရက်နေ့တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များအတွက် လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအား ကျင်းပခဲ့ရာ ပခုက္ကူအတွင်းရှိ NGO များ၊ CSO များ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ သင်တန်းသား ၄၉ ဦး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းများတွင် လူ့အခွင့်အရေးအခြေခံသဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် နိုင်ငံတော်မှ ပါဝင်ချုပ်ဆိုထားပြီးဖြစ်သော လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကြီးများ၊ လူ့အခွင့်အရေးကော်မရှင်အကြောင်းနှင့် တိုင်တန်းနိုင်သည့် ယန္တရားများ စသည့် ဘာသာရပ်များကိုဆွေးနွေးပို့ချခဲ့ပါသည်။

သင်တန်းများအတွင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် ဥပဒေဆိုင်ရာအကြောင်းနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်း ဖြစ်သော NCRWG မှလည်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ပြည်သူ့တာဝန်များအကြောင်းတို့ကိုလည်း ပါဝင် ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ၂၀၁၈ ခုနှစ်အတွင်းတွင် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး အသိပညာပေးရေး လုပ်ငန်းစဉ်အရ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များအတွက် လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Recent News