မင်းကုန်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအားကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဒေါက်တာသန်းမြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၄-၁-၂၀၂၃ ရက်နေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ မင်းကုန်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား လုပ်အားရှင်များကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိမရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိခြင်း ရှိ မရှိနှင့် စိုက်ပျိုးမွေးမြူရေးစခန်းများအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။

၃။      မင်းကုန်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းအား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား လုပ်အားရှင်များ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့်သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိတို့ကိုလည်းကောင်း၊ လတ်တလောဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေး စခန်းအတွက် ကော်မရှင်မှ ဗဟုသုတ ရဖွယ်ရာစာအုပ်စာပေများကိုလှူဒါန်းခဲ့ပါသည်။

၄။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်များအတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊  ဇန်နဝါရီလ ၂၄   ရက်

Recent News