မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်သင်တန်းကျောင်း၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း၊ မြို့နယ်ရဲစခန်းအချုပ်ခန်းများနှင့် တရားရုံးအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးခြင်း (၂၅-၇-၂၀၂၆)

  • News

        မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးသန်းဝင်း၊ ဦးအုန်းခိုင်နှင့် ဒေါက်တာတင်ဌေးအိတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၃-၇-၂၀၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်း၊ အောင်မြေသာစံမြို့နယ် တရားရုံးအချုပ်ခန်းနှင့် ချမ်းအေးသာစံ မြို့နယ်ရှိ မြို့နယ်တရားရုံး အချုပ်ခန်းသို့လည်းကောင်း၊ ၂၄-၇-၂၀၂၆ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးဌာန၊ ပုသိမ်ကြီးမြို့နယ်ရှိ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ မြို့မရဲစခန်းအချုပ်ခန်းနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ ရဲစခန်းအချုပ်ခန်းသို့လည်းကောင်း၊             ၂၅-၇-၂၀၂၆ ရက်နေ့တွင် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် ချမ်းမြသာစည် မြို့နယ်ရှိ ရဲစခန်းအချုပ်ခန်းများသို့လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် သင်တန်းကျောင်းများအား ကြည့်ရှုစစ်ဆေးစဉ် သင်တန်း ကျောင်းများတွင် လက်ခံစောင့်ရှောက်ထားသော ကလေးလူငယ်များ၏ စိတ်ဒဏ်ရာ၊ လူမှုရေးအရ အပယ်ခံရမည်ကို စိုးရိမ်စိတ်နှင့် မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးခြင်းများ လျော့ပါးစေရန် စိတ်ဓာတ်ပြုပြင်ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးနိုင်ရေးအတွက် စနစ် တကျ ချမှတ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တရားရင်ဆိုင်ဆဲအမှုများ ကြန့်ကြာမှု ရှိ မရှိ အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာ ကျွေးမွေးမှု၊ သန့်ရှင်းသော သောက်သုံးရေ ရရှိအောင် ဆောင်ရွက်ပေးနေမှု၊ အိပ်ဆောင်များ ထားရှိမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိမှု အခြေအနေများကို စစ်ဆေးခဲ့ပြီး  လူငယ်များအား စာရိတ္တပြုပြင်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်ပြုစုပေးခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့နိုင် အောင် ပြုစုပျိုးထောင်ပေးမှု အခြေအနေများနှင့် ပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်/ တွေ့ဆုံ/ပြန်လည်ပေါင်းစည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ မရှိ စသည့် အခြေခံလူ့အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

           ထို့နောက် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မြို့နယ်ရဲစခန်းအချုပ်ခန်းများနှင့် တရားရုံး အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများအတွင်း နေထိုင် စဉ်နှင့် အမှုစစ်ဆေးစဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ မရှိ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှု၊ နေထိုင်စားသောက်ရေး စီစဉ်ပေးမှု၊ အချုပ်ခန်းများအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများ အတွင်း သန့်ရှင်းမှု ရှိ မရှိနှင့် တရားရုံးထုတ်စဉ် မိသားစုဝင်များ အကျိုးဆောင် ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့အား အချုပ်သား/ အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

      ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ မန္တလေးလူငယ်သင်တန်းကျောင်း၊ အမျိုးသမီးသက် မွေးအတတ်ပညာသင်ကျောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက် ရေးဌာန၊ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း၊ ရဲစခန်းအချုပ်ခန်းများနှင့် မြို့နယ်တရားရုံး အချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးရေး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များ ကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ပါသည်။ 

 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

Recent News