မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးသင်တန်း ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေး ကော်မတီဝင်များအတွက် ကလေးသူငယ်အခွင့်အရေး အလုပ်ရုံသင်တန်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များအတွက် လူ့အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲ

  • News

           မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကော်မရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ခရိုင်အဆင့် အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ပြင်ဦးလွင်မြို့နယ်၊  မြို့တော်ခန်းမတွင် ၂ ရက်ကြာကျင်းပြုလုပ်ခဲ့ရာ အဆိုပါ အလုပ်ရုံသင်တန်းသို့ ခရိုင်အဆင့်အစိုးရ အရာထမ်း ၄၅ ဦး တက်ရောက်ခဲ့ပါသည်။

အလားတူ မတ်လ ၈ ရက်နေ့တွင် ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ကျင်းပ ပြုလုပ်ခဲ့ပြီး ခရိုင်၊ မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ၂၅ ဦး တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ပြီး မတ်လ ၉ ရက်နေ့တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များ အတွက် လူ့အခွင့် အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအား ကျင်းပခဲ့ရာ ပြင်ဦးလွင်အတွင်းရှိ NGO များ၊ CSO များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား ၄၅ ဦး တက်ရောက်ခဲ့ကြ ပါသည်။

 သင်တန်းများတွင် လူ့အခွင့်အရေး အခြေခံသဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် နိုင်ငံတော်မှ ပါဝင်ချုပ်ဆိုထားပြီးဖြစ်သော လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကြီးများ၊ လူ့အခွင့်အရေး ကော်မရှင်အကြောင်းနှင့် တိုင်တန်းနိုင်သည့်ယန္တရား များစသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပါသည်။

သင်တန်းများအတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် ဥပဒေဆိုင်ရာအကြောင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ဖြစ်သော NCRWG မှလည်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ပြည်သူ့တာဝန်များ အကြောင်းတို့ကိုလည်း ပါဝင်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ၂၀၁၈ ခုနှစ်အတွင်းတွင် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး အသိပညာပေးရေး လုပ်ငန်းစဉ်အရ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းဝင်များအတွက်  လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။