မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မီးဘေးအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြ ပြုလုပ်ဆောင်ရွက်ခြင်းကို ၂၇-၄-၂၀၂၆ ရက်နေ့၊ ၁၀း၀၀ နာရီအချိန် ကော်မရှင်ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးနှင့် အရာထမ်း၊ အမှုထမ်းများ၊ ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်း (၈၃)ဦး တက်ရောက်ခဲ့ကြပါသည်။

    အခမ်းအနားအစီအစဉ်အရ ကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းက အဖွင့်အမှာစကား ပြောကြားရာတွင်  လူသားများနေထိုင်တဲ့ ကမ္ဘာကြီးမှာ လူသားတွေရဲ့ အခွင့်အရေးနဲ့ ဆက်စပ်လျက်ရှိတဲ့ Climate Change ကြောင့် လူသားရင်းမြစ်များအတွက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက် ပျက်စီးမှုများ ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုများ ထိခိုက်နစ်နာမှုများမှာ ကြီးမားစွာ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ပွင့်လင်းရာသီ ကူးပြောင်းရောက်ရှိချိန် မီးလောင်မှုများစွာ ဖြစ်လေ့ဖြစ်ထရှိသည့်အတွက်ကြောင့် အချိန်မရွေး ရာသီမရွေး နိုင်ငံတော်ပိုင် အဆောက်အဦများ၊ ပြည်သူလူထု၏ အိုးအိမ်တိုက်တာ အဆောက်အဦများ မီးလောင်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးနိုင်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်တဲ့ မီးဘေးလုံခြုံရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဝန်ထမ်းများသာ တာဝန်ရှိသည်မဟုတ်ဘဲ ပြည်သူလူထုအားလုံးကလည်း မီးဘေးလုံခြုံရေး အသိ၊ သတိဖြင့် ဝိုင်းဝန်းဆောင်ရွက်မှသာ မီးဘေးအန္တရာယ်မဖြစ်ပွားအောင် ကြိုတင်တားဆီးဖို့ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

    ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက မီးဘေးအန္တရာယ် ကင်းရှင်း‌ရေး အသိပညာပေး ဟောပြောရာတွင် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပစ္စည်းကိရိယာများ၊ မီးသတ်ဆေးဗူး အသုံးပြုခြင်း၊ မီးလောင်ကျွမ်းမှု အမျိုးအစားများ၊  မီးဘေးလုံခြုံရေးအတွက် ဝန်ထမ်းများလိုက်နာရမည့်အချက်များ၊  မီးဘေးလုံခြုံမှုနှင့် အကြံပြုချက်များ၊ မီးလောင်မှုဖြစ်လျှင် လိုက်နာရမည့်အချက်များကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။

    အခမ်းအနားအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူးရုံး တာဝန်ရှိသူများက လက်တွေ့မီးငြှိမ်းသတ်ခြင်းကို ဆက်လက်ပြသရာ ကော်မရှင်ရုံး အရာထမ်း အမှုထမ်းများက မီးငြှိမ်းသတ်ခြင်းကို စနစ်တကျ လေ့ကျင့်ခဲ့ပြီး အခမ်းအနားကို ၁၁း၃၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News