မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်အဆင့် အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ကျင်းပ
မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် လေ့ကျင့်ပညာပေးဆိုင်ရာ
လုပ်ငန်းအစီအစဉ်အရ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်အဆင့်အစိုးရ
ဝန်ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ ပြန့်ပွားစေရန်ရည်ရွယ်၍
လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆
ရက်နေ့ နံနက် ၉:၀၀ နာရီက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး
ဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း
နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် တို့တက်ရောက်
အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။
အလုပ်ရုံသင်တန်းတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်က လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ
သဘောတူစာချုပ်၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ
သဘောတူစာချုပ်၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊
တိုင်တန်းချက်များနှင့် နယ်မြေအတွင်း လူ့အခွင့်အရေး ဖြစ်စဉ်များအား
ဆွေးနွေးခြင်းစသည့် သင်ခန်းစာများကိုလည်းကောင်း၊ လူ့အခွင့်အရေးကြေညာစာတမ်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏
မူလအခွင့်အရေးနှင့်တာဝန်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့်ဆောင်ရွက်ချက်များ စသည့် သင်ခန်းစာများကိုပို့ချပြီး အဖွဲ့လိုက်
ဆွေးနွေးခြင်း ဆောင်ရွက်ကြမည်ဖြစ်ပါသည်။ အလုပ်ရုံ သင်တန်းသို့
ခရိုင်အဆင့်အစိုးရအရာထမ်း (၅၀) ဦး တက်ရောက်ကြသည်။ သင်တန်းကို ဇန်နဝါရီလ ၁၇
ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။


