မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်မြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွားစေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ နာဂမုနိဘုရားကြီးဓမ္မာရုံတွင် ဆွေးနွေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသခံ ရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ နေ့လယ် (၁၃:၃၀) နာရီမှ (၁၆:၃၀) နာရီအထိ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာ၊ အေးသီတာရွာကျောင်းတိုက်တွင် ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၉၃) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေး ဟောပြောပွဲများတွင် ဒုတိယညွှန်ကြားရေးမှူး၊ ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူအဆများကိုလည်းကောင်း ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများ သင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဦးအောင်ကောင်းမြတ်က ကလေးသူငယ် အခွင့်အရေးများကို လည်းကောင်း၊ Educator ဒေါ်စန္ဒာထူးက အမျိုးသမီးအခွင့်အရေးများကို လည်းကောင်း၊ ကော်မရှင်ရုံးမှ Educator ဒေါ်ဖြိုးသီရိဗိုလ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းစာအုပ်နှင့် ပိုစတာများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။