မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဗန်းမော်၊ ရွှေကူနှင့် မိုးမောက်မြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

  • News

         မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သော အဖွဲ့သည် ၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း ဗန်းမော်၊ ရွှေကူနှင့် မိုးမောက်မြို့များသို့သွားရောက်၍ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး တို့သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ မြို့တော်ခန်းမ၌ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်၍ တပ်မတော်သားအရာရှိ/ စစ်သည်များ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၆၈) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

 အလားတူ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရွှေကူမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်၍ တပ်မတော်သားအရာရှိ/ စစ်သည်များ၊ ရပ်မိ/ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၂၀) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

 

ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး တို့သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် မိုးမောက်မြို့သို့ ဆက်လက်သွားရောက်၍ နံနက် ၉:၀၀ နာရီ အချိန်၌ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်း စရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မိုးမောက်မြို့မှ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် နှင့် ပြည်နယ်လွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ တပ်မတော်သားအရာရှိ/ စစ်သည်များ၊ ရပ်မိ/ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၁၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲများတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲများအတွင်း တက်ရောက်လာသူများက မေးမြန်းသည့်ခဲ့ကြသည့် မေးခွန်းများ၌ လူတိုင်း နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိခြင်းဟူသော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၅ နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွင် မည်သို့သောပုဂ္ဂိုလ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်ကိုလည်းကောင်း၊ နိုင်ငံအချို့က လူ့အခွင့်အရေးကိုအသုံးချ၍ မိမိတို့နိုင်ငံအား တိုက်ခိုက်လာနိုင်သည့် အခြေအနေနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၌ မိမိနိုင်ငံအားစွပ်စွဲလာပါက ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအနေဖြင့်သော်လည်းကောင်း၊ ကော်မရှင်အနေဖြင့်သော်လည်းကောင်း ပြင်ဆင်ထားခြင်းရှိမရှိနှင့် မရှိသေးပါက ကြိုတင်ပြင်ဆင်ထားရန်စသည်တို့အပါအဝင် မေးခွန်းမေးမြန်းမှုများအပေါ် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ပါသည်။

 

          ဤဒေသနှင့်ဆက်စပ်နယ်မြေများမှာ ယခင်က လုံခြုံရေးအားနည်းခဲ့သော ဒေသများဖြစ်ခဲ့သော်လည်း ယခုအခါ နယ်မြေအေးချမ်းလုံခြုံမှုရရှိနေပြီဖြစ်၍ ဒေသဖွံ့ဖြိုးလာကြောင်း တွေ့ရှိရ ပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း ပြည်သူများအကြား လူ့အခွင့်အရေး ဗဟုသုတများတိုးပွားလာစေရန်၊ လူ့အခွင့်အရေးကိုလေးစားရန်နှင့် မှန်ကန်စွာသိရှိ နားလည်စေရန် ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကို ဤဒေသကဲ့သို့ပင် နယ်မြေဒေသအသီးသီး၌ ဆက်လက်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Recent News