မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်း ခရိုင်၊ ဒလမြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပြန်ပွားရေး ဆွေးနွေးဟောပြောပွဲကျင်းပခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/
ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွားစေရန်
ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး
ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ
ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့ (၁၃:၀၀)
နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊
သီရိဇေယျာ နော်ရထာခန်းမတွင် ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင်
မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး
အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူများ
စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲတွင် ကော်မရှင်
ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး
ဦးအာကာဟိန်းစိုးမှ လူ့အခွင့်အရေးအခြေခံ အယူအဆများကိုလည်းကောင်း၊ ကော်မရှင်၏
လူ့အခွင့်အရေး အသိပညာပေးသူများ သင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဦးအောင်နိုင်က ကလေးသူငယ်အခွင့်အရေးများကိုလည်းကောင်း၊ Educator
ဒေါ်မေမြတ်နိုးဦးက အမျိုးသမီးအခွင့်အရေးများကိုလည်းကောင်း၊
ကော်မရှင်ရုံးမှ Educator ဒေါ်အိအိငြိမ်းက မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းကိုလည်းကောင်း
အသီးသီးရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား ကမ္ဘာ့လူ့အခွင့်အရေး
ကြေညာစာတမ်းစာအုပ်နှင့် ပိုစတာများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။




