မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၆ ခုနှစ် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်လေ့ကျင့်ပညာပေးဆိုင်ရာလုပ်ငန်းအစီအစဉ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲအရာရှိများအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများအား ပြန့်ပွားစေရန်ရည်ရွယ်၍ ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ကျွန်းတောလမ်းရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထိမ်းအမှတ်ပြတိုက်၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းတို့ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးများမှ ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး၊ ပထမအကြိမ်ကို ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်း အမှတ်(၄) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး (စစ်တွေ) ၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

    အလုပ်ရုံဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင်ဦးဇော်ဝင်းတို့က လူ့အခွင့်အရေး သဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာသဘောတူစာချုပ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ကလေးသူငယ်ဥပဒေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ ရဲလက်စွဲအားလူ့အခွင့်အရေး ရှုထောင့်မှသုံးသပ်ခြင်း၊ ဥပဒေများ ထုတ်နုတ်၍သုံးသပ်ခြင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရားနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အကြောင်းနှင့် တိုင်တန်းချက်များ လက်ခံဆောင်ရွက်ခြင်း ဘာသာရပ်များကို ရှင်းလင်းပို့ချပြီးသင်တန်းသားများနှင့် အပြန်အလှန်ဆွေးနွေးကြပါသည်။ ဆွေးနွေးပွဲသို့အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး (ရန်ကုန်) မှ ရဲအရာရှိ (၅၀) ဦး တက်ရောက်ကြသည်။ အလုပ်ရုံဆွေးနွေးပွဲသင်တန်းကို ဇွန်လ ၈ ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News