မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရှမ်းပြည်နယ်ရှိ မြို့များတွင် လူ့အခွင့်အရေး အကြောင်း သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူလူထုအတွင်း လူအခွင့်အရေးဆိုင်ရာအသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်မှန်ကန်ကန်သိရှိပြီး လေးစားလိုက်နာ၍ မှန်မှန်ကန်ကန်ကျင့်သုံးလာနိုင်စေရန် ရည်ရွယ်လျက် ကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့သည် ၂၀၁၈ ခုနှစ် မတ်လ ၂၀ ရက်နေ့ မှ ၂၂ ရက်နေ့အထိ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်တို့အတွင်းရှိ ညောင်ရွှေ၊ တောင်ကြီး၊ ဟိုပုံး၊ လွိုင်လင်နှင့် ပင်လုံမြို့သို့ သွားရောက်၍ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့သည် ၂၀၁၈ ခုနှစ် မတ်လ ၂၀ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်း သားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင် အပါအဝင် သက်ဆိုင်ရာမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ စုစုပေါင်းအင်အား (၂၀၇) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။

အလားတူ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို တောင်ကြီး ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုဝေးခန်းမ၌ ယင်းနေ့မွန်းလွဲ ၁၄:၃၀ နာရီအချိန် တွင်  ကျင်းပပြုလုပ်ခဲ့ရာ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊  နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်း အင်အား (၁၈၈) ဦး တက်ရောက်ခဲ့ကြပါသည်။

ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့သည် မတ်လ ၂၁ ရက် နေ့တွင် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့သို့ ဆက်လက်သွားရောက်ပြီး နံနက် ၀၉:၀၀ နာရီအချိန်တွင် ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူ့အခွင့် အရေး အကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် အပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူ လူထုများ စုစုပေါင်း အင်အား (၂၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးတို့သည် မတ်လ ၂၂ ရက်နေ့တွင် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်း စရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ လွိုင်လင်မြို့နယ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူလူထုများ စုစုပေါင်း အင်အား (၁၉၃) ဦး တက်ရောက် ခဲ့ကြပါသည်။

အလားတူ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ပင်လုံမြို့ရှိ ပြည်မတောင်တန်း ပူးပေါင်းရေး စာချုပ်ကျောက်တိုင် (ပင်လုံကျောက်တိုင်) ကွင်းအနီးရှိ သာသနာ့ ဗိမာန်ဓမ္မာရုံကြီးအတွင်း၌ ယင်းနေ့မွန်းလွဲ ၁၄:၀၀ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ပင်လုံမြို့ရှိ ဌာနဆိုင်ရာများ၊  နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ စုစုပေါင်းအင်အား (၂၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို  ပြန်လည် ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့သည် တောင်ကြီးမြို့သို့ ရောက်ရှိစဉ်ကာလအတွင်း မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁၄:၀၀ နာရီအချိန်၌ နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ သွားရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်ခဲ့ပါသည်။

Recent News