မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်းရှိ ဆီဆိုင်မြို့နှင့် ပင်လောင်းမြို့များတွင် လူ့အခွင့်အရေး အကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဆီဆိုင်မြို့နှင့် ပင်လောင်းမြို့များသို့  သွားရောက်၍ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် ၊ ဖယ်ခုံမြို့၊ မြို့နယ်ခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဖယ်ခုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား အရာရှိ / စစ်သည်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။

ထို့နည်းတူ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့နယ်ခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား အရာရှိ/ စစ်သည်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၇၀) ဦး တက်ရောက်ခဲ့ပါသည်။

    ကော်မရှင်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​​ဒေသရှိ ပင်လောင်းမြို့၊မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဦးစီးအဖွဲ့ဝင်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားအရာရှိ/ စစ်သည်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၂၁) ဦး တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲများအတွင်း တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ ကြရာ၌ကော်မရှင်အနေဖြင့် ရဲအချုပ်ခန်း၊ တရားရုံးအချုပ်ခန်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိ/မရှိ စောင့်ကြည့်နေသည်ဟု သိရပါကြောင်း၊ တပ်မတော်တပ်ရင်းများနှင့် ရဲတပ် ရင်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် စောင့်ကြည့်ခြင်းရှိ/မရှိနှင့် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေသည် လူ့အခွင့်အရေးနှင့် ညီ/ မညီ ၊ သိမ်းဆည်းခံမြေများ စိစစ်၍ တောင်သူများသို့ ပြန်လည်ပေးအပ်မှု အခြေအနေ ၊ ကမ္ဘာပေါ်၌ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး လိုက်နာမှုအဆင့်၊ တိုင်းရင်းသားဒေသများမှ လူ့အခွင့်အရေးဆုံးရှုံးမှုနှင့် ပတ်သက်သည့် တိုင်စာ ပေးပို့တိုင်ကြားမှုအပေါ် ကော်မရှင်က ဆောင်ရွက်ပေးသည့် သာဓကအချို့နှင့် ကော်မရှင် အဖွဲ့ဝင်များ ရွေးချယ်ရာတွင် မည်သို့မည်ပုံရွေးချယ်သည် စသည်တို့အပါအဝင် မေးခွန်းမေးမြန်းမှုများအပေါ် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ပြည်သူများအကြား လူ့အခွင့်အရေးဗဟုသုတများတိုးပွားလာစေရန်၊ လူ့အခွင့်အရေးကို လေးစားရန်နှင့် မှန်ကန်စွာသိရှိနားလည်စေရန်ရည်ရွယ်၍ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအပါအဝင် ဒေသအသီးသီး၌ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာဆွေးနွေးဟောပြောပွဲများကို ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Recent News