မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

  • News

၁။       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး  ဆွေးနွေးပွဲ အခမ်းအနားကို ၂၁-၂-၂၀၂၆ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင်များ လှိုင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များ၊ ရုံးဝန်ထမ်းများ စုစုပေါင်း ( ၈၃ ) ဦး တက်ရောက်ခဲ့ကြပါသည်။

၂။      ပထမဦးစွာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် က အဖွင့်အမှာ စကားပြောကြားရာတွင် ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများကို သေသေချာချာ သိရှိနားလည်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာနေထိုင်တတ်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သတိပြုလိုက်နာတတ်စေဖို့ ပညာပေး အစီအစဉ်တစ်ရပ်အနေနဲ့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုကြောင့် တစ်နှစ်လျှင် ၁ ဒဿမ ၃၅ သန်းကျော် သေဆုံးနေပြီး တစ်ရက်လျှင် သေဆုံးနှုန်းပျမ်းမျှ ၃၇၀၀ ဦးခန့်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နှင့် သုတေသနစာတမ်းများ တွင် ဖော်ပြထားကြောင်း၊ ယာဉ်မောင်းတစ်ဦး သတိလက်လွတ်မောင်းနှင်မိခြင်း၊ စည်းကမ်းမဲ့ မောင်းနှင်မိခြင်း၊ လမ်းအသုံးပြုသူများ၏ စည်းကမ်းလိုက်နာမှုမရှိခြင်းစသည့် အကြောင်းများ ကြောင့်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ယာဉ်တိုက်မှု၊ မတော်တဆမှုများကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများရှိနေပါကြောင်း၊ ယခုအခါ ယာဉ်စီးသူများပြားလာခြင်း၊ လူဦးရေ တိုးပွားလာခြင်းကြောင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှုများကို ပိုမိုဂရုစိုက် ထိန်းသိမ်းရန် လိုအပ်လာ ကြောင်း၊  အထူးသဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကောင်းစွာသိရှိလိုက်နာကြရန် လိုအပ်ကြောင်း၊ ယာဉ်မောင်းခြင်း၊ ရပ်နားခြင်းစသည့် နေ့စဉ်လုပ်ငန်းများတွင် အခြားသူတို့၏ အခွင့်အရေးကို မထိပါးစေရန် လိုအပ်ကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂၉ တွင် မိမိအခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ကျင့်သုံးရာတွင် အခြားသူများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို အသိအမှတ်ပြုလေးစားရမည်ဟု ပါရှိပါကြောင်း၊ အထူးသဖြင့် ဒီမိုကရေစီလူ့အဖွဲ့ အစည်း တည်ဆောက်ရာမှာ  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမှအစ ဥပဒေသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို တည်ဆောက်ကြရမှာဖြစ်ပါကြောင်း၊ နေ့စဉ် လူမှုစီးပွားဘဝအတွက်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အရေးကြီးတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းများ သည် နိုင်ငံတော်တည်ဆောက်ရေးတွင် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။

၃။        ထို့နောက် လှိုင်မြို့နယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးမြင့်စိုးမှ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်၍ လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအား (၁၆း၁၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News