မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ် (၂၄-၁၁-၂၀၂၃)

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မိတ်ဖက်အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မသန်စွမ်းသူများ၏အခွင့်အရေးများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မသန်စွမ်းသူများ၏အခွင့်အရေးများ နှင့်စပ်လျဥ်းသည့် ဆွေးနွေးပွဲကို ၂၄-၁၁-၂၀၂၃ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် ကော်မရှင်ရုံး၊ Conference Room ၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာတင်မောင်မောင်သန်း တို့ ဦးဆောင်သော ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးသိန်းဟန်သူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ ကော်မရှင်အဖွဲ့ဝင် ‌ဒေါက်တာသန်းမြင့်က အဖွင့်အမှာစကားပြောကြားရာ တွင် မသန်စွမ်းသူများ၏အခွင့်အရေးများနှင့်စပ်လျဥ်း၍ ‌ကော်မရှင်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စနှင့် ကော်မရှင်အဖွဲ့ဝင် ‌ဒေါက်တာတင်မောင်မောင်သန်းက ၂၀၂၄ ခုနှစ်အတွင်း ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မသန်စွမ်းသူများ၏အခွင့်အရေးများနှင့် စပ်လျဥ်း၍ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စတို့ကို ဆွေးနွေးပြောကြားပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဟန်သူက မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များကို ကဏ္ဍအလိုက် အဆိုပြုတင်ပြရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပါသည်။

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌ ဦးသိန်းဟန်သူက ကျေးဇူးတင်စကားပြောကြားပြီး ကော်မရှင်အဖွဲ့ဝင် ‌ဒေါက်တာသန်းမြင့်က နိဂုံးချုပ်စကားပြောကြား၍ တွေ့ဆုံဆွေးနွေးပွဲကို ၁၅း၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News