မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

  • News

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းနှင့် ကော်မရှင်အဖွဲ့ဝင် ဒေါ်နုနုယဉ်တို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများအား ၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်နေ့ ၁၂:၀၀ နာရီအချိန်၊ နေပြည်တော် ရုံးအမှတ် (၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များလည်း တက်ရောက် ကြပါသည်။ ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် အစဉ်အလာကောင်းများရှိပါကြောင်း၊ ‌ကော်မရှင်၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၀-၂၀၂၄) ပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အဓိက လုပ်ငန်းဆောင်တာ ၂ ခု ဖြစ်သည့် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများမှာ ရည်မှန်းချက်နယ်ပယ်များ တူညီ၍ အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှေ့လုပ်ငန်းစဉ်များဖြစ်သော ကလေးသူငယ်အခွင့်အ‌ရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများ အခွင့်အရေး တို့နှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပြီး (၁၃း၃၀) နာရီအချိန်တွင် တွေ့ဆုံ ဆွေးနွေးပွဲ ပြီးဆုံးကြောင်း သိရှိရပါသည်။

                                                                                                                                                                                                                    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News