မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် လူ့အခွင့်အရေးပညာပေးသူများ ကွန်ရက်တို့မှ ပူးပေါင်းကျင်းပသည့် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် လူ့အခွင့်အရေးအသိပညာပေးသူများ ကွန်ရက်တို့မှ အဖွဲ့ဝင်များသည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာအသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိပြီး လေးစားလိုက်နာကျင့် သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေး အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၈ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ထိပ်ဝကြီးကျေးရွာ၊ ကွမ်းသီးပင်ကျေးရွာ၊ ရန်ကင်းစံရာကျေးရွာနှင့် ဇီးဖြူကျွန်း ကျေးရွာများသို့  သွားရောက်၍ လူ့အခွင့်အရေးအသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ ပါသည်။

ရှေးဦးစွာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ထိပ်ဝကြီးကျေးရွာ ရှမ်းစု ရွှေဟင်္သာသာသနာ့ ဗိမာန်တွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ထိပ်ဝကြီးကျေးရွာမှ ရွာသူရွာသားများနှင့် နီးစပ်ရာကျေးရွာများမှ ရွာသူရွာသားများ တက်ရောက်ခဲ့ကြရာ စုစုပေါင်း(၁၂၅) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

 အလားတူ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၂၇ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကွမ်းသီးပင်ကျေးရွာ၊ ရွှေဘုံသာကျောင်းတိုက်တွင် လူ့အခွင့်အရေးဆိုင်ရာ      သိကောင်းစရာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကွမ်းသီးပင်ကျေးရွာမှ ရွာသူရွာသားများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၃၈) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

        ယင်းနောက် ကွမ်းသီးပင် ကျေးရွာမှ ဆိုင်ကယ်ဖြင့် ရန်ကင်းစံရာကျေးရွာသို့ သွားရောက်ခဲ့ပြီး နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ရန်ကင်းစံရာ မဟာအောင်မြေကျောင်း တိုက်တွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ရန်ကင်းစံရာ ကျေးရွာမှ ရွာသူရွာသားများနှင့် နီးစပ်ရာ ကျေးရွာများမှ ရွာသူ ရွာသားများ တက်ရောက်ခဲ့ကြရာ စုစုပေါင်း (၁၂၇) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

        ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာ သီရိမင်္ဂလာကျောင်းတိုက်တွင် လူ့အခွင့်အရေး ဆိုင်ရာသိကောင်းစရာများ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဇီးဖြူကျွန်းကျေးရွာမှ ရွာသူရွာသားများနှင့် နီးစပ်ရာကျေးရွာများမှ ရွာသူရွာသားများ တက်ရောက်ခဲ့ကြရာ စုစုပေါင်း (၁၀၃)ဦးစိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူအဆနှင့် အခြေခံအချက်များကိုလည်းကောင်း၊ လူ့အခွင့်အရေး အသိပညာပေးကွန်ရက် အဖွဲ့ဝင် ဒေါ်သန်းသန်းဌေးမှ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း သမိုင်းကြောင်းကိုလည်းကောင်း၊ လူ့အခွင့်အရေးအသိပညာပေးကွန်ရက်အဖွဲ့ဝင် ဒေါ်ဆုရတီမှလည်း ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ်ပေါင်း (၃၀) အနက်မှ ရွာသူရွာသားများမှ ရွေးချယ်ပေးသော အပိုဒ်အချို့ကို ရှင်းလင်းပြောကြားပြီး  မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာစာချုပ်များအကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကို ဒေါ်အေးစန္ဒာမြင့်နှင့် ဒေါ်ဖြိုးသီရိဗိုလ်တို့မှလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပါ သည်။ ထို့နောက် ရွာသူရွာသားများမှလည်း ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်ပေးသောကြောင့် အကျိုးကျေးဇူးများစွာ ရရှိပါကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ယခင်ကထက် ပိုမိုသိရှိ လာကြောင်းနှင့် ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်ပေးသောကြောင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကို လေးစားရန်နှင့် မှန်ကန်စွာသိရှိနားလည်စေရန် ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကို ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဇော်လွင်ထူးမှ ပြောကြားခဲ့ပါသည်။

Recent News