မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် လူ့အခွင့်အရေး ပညာပေးသူများကွန်ရက်တို့မှ ပူးပေါင်းကျင်းပသည့် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း

  • News

           မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် လူ့အခွင့်အရေး အသိပညာပေးသူများ ကွန်ရက် (HREN) တို့မှ အဖွဲ့ဝင်များသည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမို ပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိပြီး လေးစားလိုက်နာ ကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၂) ရေကြည်ဦးရပ်ကွက်၊ ရပ်ကွက် (၁၃) ကင်မလင်းကျွန်းရပ်ကွက်၊ ရပ်ကွက် (၁) ကွမ်းခြံရပ်ကွက်နှင့် ရပ်ကွက် (၁၄) ပန်းဆက်ရပ်ကွက်များသို့  သွားရောက်၍ လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် (၁၂) ရေကြည်ဦးရပ်ကွက်၊ ရေကြည်ဦးမြို့ဦး ကျောင်းတိုက်တွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ရေကြည်ဦးရပ်ကွက်မှ ရပ်ကွက်သူ၊ ရပ်ကွက်သားများ တက်ရောက်ခဲ့ရာ စုစုပေါင်း (၅၁) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

အလားတူ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် (၁၃) ကင်မလင်းကျွန်းရပ်ကွက်၊ ရွှေမစိုးရိမ် ကျောင်းတိုက်တွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ဝန်ထမ်းများနှင့်  ကင်မလင်းကျွန်းရပ်ကွက်မှ ရပ်ကွက်သူ၊ ရပ်ကွက်သားများ တက်ရောက်ခဲ့ရာ စုစုပေါင်း (၅၄) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

 ထို့နောက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် (၁) ကွမ်းခြံရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်စိုးပပ အပါအဝင်  အဖွဲ့ဝင်များနှင့်  ကွမ်းခြံရပ်ကွက်မှ ရပ်ကွက်သူ၊ ရပ်ကွက်သားများ တက်ရောက်ခဲ့ရာ စုစုပေါင်း (၅၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် (၁၄) ပန်းဆက်ရပ်ကွက်၊ ရွှေမင်္ဂလာဓမ္မာရုံတွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပန်းဆက်ရပ်ကွက်မှ ရပ်ကွက်သူ၊ ရပ်ကွက်သားများ တက်ရောက်ခဲ့ရာ စုစုပေါင်း (၅၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲများတွင် လူ့အခွင့်အရေး အသိပညာပေးသူများကွန်ရက် အဖွဲ့ဝင် ဦးပိုင်ဆက်မှ လူ့အခွင့်အရေး အခြေခံအယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း သမိုင်းကြောင်းကို လည်းကောင်း၊ လူ့အခွင့်အရေး အသိပညာပေး ကွန်ရက်အဖွဲ့ဝင် ဦးရဲဝင်းမှလည်း ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ်ပေါင်း (၃၀) များအနက်မှ တက်ရောက်လာသူများမှ ရွေးချယ်ပေးသော အပိုဒ်များကို ရှင်းလင်းပြောကြားခြင်း၊ လူ့အခွင့်အရေး၏ တာဝန်နှင့် ဝတ္တရားများနှင့် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာ စာချုပ်များအကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဦးကောင်းခန့်ဇင်က လူ့အခွင့်အရေးနှင့် ပတ်သက်သော အစိုးရ၏ တာဝန်ရှိမှုများနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်လာသူများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြသည့်အနက် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ် (၁၅) နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ရှင်းပြပေးစေလိုကြောင်း၊ နောက်နောင်တွင် ဆွေးနွေးဟောပြောပွဲများ ဆက်လက်လုပ်ဆောင်ရန် အစီအစဉ် ရှိ/မရှိ စသည့်တို့ကို မေးမြန်းခဲ့ကြပြီး မေးမြန်းချက်များကို လူ့အခွင့်အရေး ပညာပေးသူများကွန်ရက် အဖွဲ့ဝင် ဦးရဲဝင်းမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် တတ်ရောက်လာသူများမှလည်း ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်ပေးသောကြောင့် အကျိုးကျေးဇူးများစွာရရှိပါကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ယခင်ကထက် ပိုမိုသိရှိလာကြောင်းနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးသောကြောင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြပါသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လူ့အခွင့်အရေးကို လေးစားရန်နှင့် မှန်ကန်စွာသိရှိနားလည်စေရန် ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကို ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Recent News